မကွေးတိုင်းဒေသကြီးရှိ ပျားမွေးမြူသူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒုတိယအကြိမ် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး စီစဉ်လျက်ရှိ

မကွေးတိုင်းဒေသကြီးရှိ ပျားမွေးမြူသူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒုတိယအကြိမ် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး စီစဉ်လျက်ရှိ

မကွေး၊ မွေးမြူရေး

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က မကွေးတိုင်းဒေသကြီးရှိ ပျားမွေးမြူသူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပထမအကြိမ်အဖြစ် ချေးငွေ ငွေကျပ် သိန်း ၃၂၀ ထုတ်ချေးပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် လည်းချေးငွေများ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

လက်ရှိ ပြည်တွင်း၌ လုပ်ငန်းလိုင်စင်ဖြင့် ပျားမွေး မြူသူဦးရေ ၉၀၀ ကျော်နှင့် ပျားအုံပေါင်း နှစ်သိန်း ဝန်းကျင်ရှိကာ တစ်နှစ်လျှင် စုစုပေါင်းပျားရည် မက်ထရစ်တန်ချိန် ၄၀၀၀ ကျော်ထွက်ရှိကြောင်း၊ အဆိုပါ ပျားရည်ထွက်ရှိမှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး ကျန် ၄၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း ၌ စားသုံးခြင်းနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။

“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ မကွေးတိုင်းဒေသကြီးက ပျားမွေးမြူသူတွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကနေ ငွေကျပ် သိန်း ၃၂၀ ထုတ်ချေးပေးခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ်မှာလည်း ထပ်မံထုတ်ချေးပေးဖို့ စီစဉ်နေပါတယ်။ အဲဒီချေးငွေတွေက  နှစ်တိုချေးငွေဖြစ်ပြီး တစ်နှစ်အကြာမှာ ပြန်ဆပ်ရမှာပါ။ ခြောက်လ တစ်ကြိမ် အတိုးပေးသွင်းပြီး အရင်းကို တစ်နှစ်ပြည့်တဲ့အခါမှာ ပြန်ဆပ်ရမှာပါ။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တော့ ပျားအုံတစ်အုံကို ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ထုတ်ချေးပေးခဲ့ပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ  ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင်က ပြောသည်။

ယခုအခါ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲအနေဖြင့် ပြည်တွင်း၌ ပျားရည် အထွက်နှုန်း တိုးတက်မြင့်မားလာစေရန်၊ ပျားအုံတစ်အုံ၏ တစ်နှစ်ထွက်ရှိမှုပမာဏ တိုးမြင့်လာစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင်   နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝသော ပျားရည်များ  ထုတ်လုပ်နိုင်စေရန် သင်တန်းများ ဖွင့်လှစ်ကာ နည်းပညာ ဖြန့်ဝေပေးလျက်ရှိသည်။

ပြည်တွင်း၌ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့မှ ပျားရည်အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်စသည့်တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှလည်း ပျားရည်များ ထွက်ရှိ ကြောင်း၊ ပြည်တွင်းမှထွက်ရှိသော ပျားရည် အမျိုးအစားများတွင် နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဆီးပျားရည်၊ လိုက်ချီးပျားရည်တို့ ပါဝင်ကြောင်း သိရသည်။

ဆောင်းဦး