အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

အောင်က ကိုလတ်ကို ပြန်မချေပတတ်သဖြင့် မျက်စောင်းတစ်ချက်သာ ဝေ့လိုက်သည်။

ကိုလတ်က သူဘာမှမပြောသလို မျက်နှာကို တည်ထားသည်။

ချောစုနှင့် ဆန်းဆန်းမြင့်တို့က ရယ်မောနေကြသည်။

အခန်း(၃၄)

သူတို့ပြန်သွားတော့ အောင့်ကို ပျဉ်ထောင်အဆောင်ဘက်နှင့် အုတ်တိုက်အဆောင်ဘက်မှ မိန်းကလေး တွေကလှမ်း၍ “အောင်ရေ၊ မုန့်ဝယ်ကျွေးဟေ့” ဟု လှမ်း၍တောင်းဆိုကြသည်။

အောင်နှင့် ခင်မင်ရင်းနှီးနေပြီဖြစ်ကြသော အဆောင်သူတချို့ကတော့ အောင့်ကို “အောင်အောင်လေး၊ အောင်အောင်လတ်” ဟု လှမ်းနောက် ကြပြန်သည်။

“ချောစုပြောတော့ အောင်က ဟိုတစ်လောတုန်းက “အောင်ရဲ့အောင်” ဖြစ်သွားပြီဆို” တစ်ယောက်က လှမ်းမေးသည်။ ချောစုက...

“ခု မဟုတ်တော့ဘူးဟဲ့၊ သူ့ယောကျ်ား နိုင်ငံခြားသွားတုန်းက နောက် မီးလင်းတာ၊ ခု သူ့လင်ကြီး ပြန်လာပြီဟဲ့”

အောင်သည် ချောစုကို နောက်မှ လည်ပင်းကို တံတောင်ဆစ်ကွေး လှမ်းဖက်လျက် လက်နှင့်လည်ပင်းကို ညှစ်ထားလေသည်။

“သေပါပြီ အောင်”

“တမင်သေအောင် သတ်တာပဲ”

“ဂျင်းမားရုပ်ရှင်ထဲမှာ ကြိုးဆွဲချခံရတာ မတွေ့ဘူးလား၊ ကြိုးပေးခံရရင် အဲလိုနေမှာပဲနော်၊ နင်မကြောက်ဘူးလား”

“မကြောက်သေးဘူး”

“ငါတော့ သေနည်းအမျိုးမျိုးထဲမှာ အိပ်ဆေးပဲသောက်သေချင်တယ်၊ “သေပါလား၊ ငါ့စားပွဲပေါ်မှာ ဖီနိုတွေရှိသေးတယ်”

“မရှိတော့ဘူး၊ ကိုအောင်တောင်းပြီး သိမ်းလိုက်ပြီ၊ ညည အိပ်မပျော် တဲ့အခါမှာ နင် သောက် သောက်အိပ်တာ မကြိုက်ဘူးတဲ့”

“ရှည်လိုက်တာဟယ်၊ ဘာလို့ ပေးလိုက်ရတာလဲ”

“ခုတော့ မလိုတော့ဘူးလေဟယ်” ချောစုကပြော၏။

မမစံက ရုံးကအပြန် ဟင်းချက်ရန်ပြင်နေရာမှ အောင့်အားလှမ်း၍ “အောင် ညကျ တစ်ခုခုတော့ ကျွေးဟယ်”

“ကျွေးမှာပေါ့ မမစံကလည်း၊ ဒါပေမဲ့ ဘိုင်ကျနေလို့ ပိုက်ဆံလေးကျပ် ပဲရှိတော့တယ် “ကြက်ဆင်” က အီကလယ် ဝယ်ကျွေးချင်တာ၊ အိမ်က ပိုက်ဆံရမှ”

“မလိုပါဘူးကွယ်၊ တစ်ခုခုသုပ်စားရအောင်၊ ဂီတာလေး ဘာလေး လည်းတီးပေါ့”

သည်တော့ ဆန်းဆန်းမြင့်က မျက်နှာရှုံ့လျက်...

“အမယ်လေး၊ အနှောင့်အယှက်မှ ကင်းပါ့မလားပဲ၊ သူယောင်မယ်နဲ့ ပျာကလတ်တို့ကလည်း တို့ကို ချစ်လွန်းလို့ တို့နဲ့လိုက်အဆောင်ပြောင်း လာတာက အခက်၊ နေရာတိုင်းမှာ သူ့မျက်နှာ”

“ကိစ္စမရှိပါဘူး၊ မိဆန်းမြင့်ရဲ့၊ ငါတို့ရဲ့ မိထူးတို့ ပျော်စံစရာလေးက သီးခြားကမ္ဘာလေးပဲ၊  ဘာပဲဖြစ်ဖြစ်  စိတ်ချမ်းသာတယ်၊ ပန်းနုရောင် ရွက်နုဝေနေတဲ့ သစ်ပင်ရိပ်နဲ့ ပြတင်းပေါက်ဖွင့်လိုက်ရင် ရိုးမရိပ်သာ ဘက် သွားရာလမ်းဘက်က မြရာပင်၊ နွယ်ပင်တွေ၊ ကုက္ကိုပင်တွေနဲ့...”

“အမယ်လေး အောင်ရယ်၊ စိတ်ကူးမယဉ်စမ်းပါနဲ့၊ သီးခြားကမ္ဘာ မဟုတ်ပါဘူး၊ ဘယ်ကလာတဲ့ မြောင်းပုပ်နံ့လည်းမသိဘူး၊ မြောင်းနဲ့ ကပ်လျက်က အိမ်သာအနံ့နဲ့ ဒီကြားထဲ သူယောင်မယ်တစ်လှည့်၊ ပျာကလတ်တစ်လှည့်၊ သူတို့အဖော်သစ် ခရစ္စတင်းဆိုတာတစ်လှည့်၊ တို့အဆောင်ရှေ့က ဖြတ်ဖြတ် သွားလိုက်၊ ထမင်းစားချိန်မရှောင် ဘာမရှောင် ချွဲဟက်ပြီး တံတွေးထွေးလိုက်၊ စောင်းချိတ်ရန် လိုသွားလိုက်၊ သူတို့ချင်း စကားတင်းဆိုလိုက်နဲ့ စိတ်ပိန်လိုက်တာဟယ်”

မမစံက ညည်းညည်းညူညူ ပြောလိုက်လေသည်။ ဆန်းဆန်းမြင့်က

“ဟေ့ အောင်၊ ခရစ္စတင်းက ယောက်ျားရပြီးသားတဲ့၊ အဲဒီယောကျ်ားနဲ့ကွဲပြီး ဒီမှာလည်း နောက် တစ်ယောက်ရပြီး ထပ်ကွဲပြန်ရောတဲ့၊ သူ့ အိမ်ကတော့ အပျံစားကားနဲ့ စားစရာတွေလာပြီးပို့နေတာပဲ၊ လေယာဉ်မောင်ဝတ်စုံတွေ တစ်ခါတစ်ခါလျှော်လှန်းတာ အထည်နှစ်ဆယ်ကျော်တယ်”

“အဲဒါ သူ့အိမ်မဟုတ်ဘူး၊ သူ့ယောကျ်ားအိမ်”

မမစံက လေသံနှင့်ပြောတော့ ချဉ်ပေါင်ရွက်သင်နေသော ချောစုက မကြားရသဖြင့် ကပျာကယာ ပြေးလာပြီး...

“ဘာလဲ ဘာလဲ မမစံ၊ ချောစု မကြားရဘူး”

“အမယ်လေး၊ မိန်းမ ဝါသနာက...”

မမစံက ရယ်ရင်းပြောလိုက်သည်။ အောင်က...

“အကြင် အကြင် အတင်းစကားသည် ဖောက်ပြန်သူတို့အား အပုပ်ချ ဝေဖန်သည်ဖြစ်အံ့၊ မှန်သည် လည်းဖြစ်အံ့၊ ကြားနာကောင်း၏ ယထာ ဘူတကျ၏။ သူတို့လို မကျင့်ရန် ပြင်ဆင်လျက် သိက္ခာကို စောင့်စည်း ရာကျ၏။ သို့ကြောင့် ကုသိုလ်ဖြစ်၏”

မမစံက အောင့် ခေါင်းကိုထုကာ ရယ်မောလိုက်လေသည်။

ဆက်လက်ဖော်ပြပါမည်။