တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အလုပ်သဘော ခရီးစဉ်သွား ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အလုပ်သဘော ခရီးစဉ်သွား ရောက်

နေပြည်တော် ဧပြီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီလ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံ တရား ဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  အလုပ်သဘောခရီးစဉ်သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဒုတိယအကြီးအကဲ Ms. Cao Jing နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သဘောခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အရာရှိကြီးများ လိုက်ပါသွားကြောင်း သိရသည်။

(သတင်းစဉ်)