တရုတ်၏ စစ်ရေးနည်းပညာကို အမီလိုက်ရန် လိုအပ်နေသည့် အမေရိကန်
တရုတ်တပ်မတော်သည် စွမ်းဆောင်ရည် မြင့်မားသော်လည်း အမေရိကန်စစ်ဘက် က အတွေ့အကြုံပိုင်းတွင် ပိုမိုအားသာလျက်ရှိသောကြောင့် လက်ရှိဖြစ်ပေါ်နေသည့် အမေရိကန်-တရုတ် ပဋိပက္ခတွင် အမေရိကန်က အရေးသာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောကြားလိုက်ကြောင်း တွေ့ရသည်။
တရုတ်နိုင်ငံသည် ယခုအခါ H-20 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အပါအဝင် လက်နက်စနစ် အများအပြားကို ထုတ်လုပ်လျက်ရှိသော်လည်း အမေရိကန်၏ B-2 လေယာဉ် သို့မဟုတ် မကြာမီ ထွက်ပေါ်လာမည့် B-21 စစ်လေယာဉ်တို့နှင့် ပခုံးချင်းယှဉ်နိုင်လောက်သည့် အနေအထားတွင်မရှိကြောင်း အမည်မဖော်လိုသည့် အဆိုပါ အမေရိကန်အရာရှိက သတင်းထောက်များကို ပြောကြားသည်။ သို့သော် အမေရိကန်အနေဖြင့် တရုတ်နှင့် အင်အားသုံး ထိပ်တိုက်ရင်ဆိုင်ရပါက ထိခိုက်ဆုံးရှုံးမှု များပြားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့ကြောင့် အမေရိကန်စစ်ဘက်သည် တရုတ်နှင့် ရင်ဆိုင်နိုင်ရေးအတွက် လက်နက် ကိုင်တပ်များအား အဆင့်မြှင့်တင်နိုင်ရန် စီမံကိန်းများ ချမှတ်လျက်ရှိသည်။ အကြောင်းမှာ တရုတ်နိုင်ငံသည် အမေရိကန်နှင့် မလွဲမသွေ ထိပ်တိုက်တွေ့ဆုံရနိုင်မည်ဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ယခင်ကတည်းက ပြောကြားထားခြင်းကြောင့်ဖြစ်သည်။ လက်ရှိတွင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များနှင့် ဒရုန်းများသည် အမေရိကန်စစ်ဘက်က လုပ်ဆောင်နေသည့် စစ်ရေးအဆင့်မြှင့်တင်မှု၏ ဗဟိုချက်မအဖြစ် ဆက်လက်ပါဝင်နေပြီး ပင်တဂွန်စစ်ဌာနချုပ်၏ အဓိကဦးစားပေးအဖြစ်နှင့် ကာကွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတိုင်းနီးပါးအတွက်၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဖြစ်ပွားလာနိုင်ဖွယ်ရှိသော ထိပ်တိုက်ရင်ဆိုင်မှု၊ အင်ဒို-ပစိဖိတ်ဒေသနှင့် တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများအတွက်ပင် ဖြစ်သည်ဟုလည်းဆိုနိုင်သည်။
တရုတ်နိုင်ငံ၏နျူကလီးယား စွမ်းဆောင်ရည်သည် အလျင်အမြန်ကြီးထွားလာ နေခြင်းကြောင့် အမေရိကန်နှင့်တရုတ်တို့ကြားရှိ နျူကလီးယား စွမ်းဆောင်ရည် ကွာဟမှုကို ပိုမိုကျဉ်းမြောင်းလာစေလျက် ရှိသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က အစောပိုင်း၌ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက် အင်အားသည် လာမည့် ၂၀၂၇ ခုနှစ်ခန့်တွင် ဒုံးကျည်များတွင် တပ်ဆင်ပစ်ခတ်နိုင်သည့် နျူကလီးယားထိပ်ဖူး ၇၀၀ ခန့်ကို ပိုင်ဆိုင်မည့် အလားအလာရှိသည်ဟု ပင်တဂွန်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့်လက်နက်ကိုင် တပ်ဖွဲ့အဆင့်မြှင့်တင်ရေး အစီအစဉ်နှင့် စပ်လျဉ်း၍ အစိုးရအနေဖြင့် ၎င်းတို့ချမှတ်ထားသည့် ကတိကဝတ်ကို ထိရောက်စွာ ဖော်ဆောင် ပေးရန်၊ အထူးသဖြင့် ဗုံးကြဲလေယာဉ်ထုတ်လုပ်မှု အစီအစဉ်ကို အလေးပေး ဖော်ဆောင်ရန် အမေရိကန်လေတပ်ဆိုင်ရာ အတွင်းဝန် ဖရန့်ကန်ဒေါက အစိုးရအား ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အကြောင်းမှာ အမေရိကန်သည် ဒရုန်းနည်းပညာတွင် လက်ရှိထိပ်တန်းအဆင့်တွင် ရပ်တည်နေနိုင်ပြီး မကြာသေးမီနှစ်များက ထိုင်ဝမ်ရေလက်ကြား၌ ဖြစ်ပွားခဲ့သည့် တရုတ်လေတပ်၏ သရုပ်သကန် ဖန်တီးလေ့ကျင့်သည့် လေ့ကျင့်မှုတစ်ရပ်အတွင်း အမေရိကန်၏ ကွန်ရက်ချိတ်ဆက်ထားသော ဒရုန်းများသည် တရုတ်နိုင်ငံ၏ အဝင်/အထွက် ပိတ်ဆို့ရေးမဟာဗျူဟာ အောင်မြင်စွာ ဖြတ်ကျော်၍ အောင်ပွဲခံနိုင်ခဲ့ကြောင်း အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မူဝါဒချမှတ်ရေး အဖွဲ့ကြီးတစ်ခုဖြစ်သည့် RAND မှ လက်ထောက်ကာကွယ်ရေး အတွင်းဝန်ဟောင်း ဒေးဗစ် အော့ရှ်မေးနက်ခ်က ပြောကြားခဲ့သည်။
ယင်းအချက်သည် တရုတ်နှင့် အခြားနိုင်ငံများရှိ အစိုးရအဖွဲ့များအား သတိပေးချက် တစ်ရပ်အဖြစ်လည်း ထွက်ပေါ်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ဒရုန်းများသည် အမေရိကန်၏ ဒုံးကျည်ထုတ်လုပ်မှုတွင် ဖြစ်ပေါ်နေသည့် ကွာဟချက်အတွက် ဖြည့်ဆည်းပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု Hudson Institute မှ ရေတပ်စစ်ဆင်ရေးမှူး အကြီးအကဲ၏ အထူးလက်ထောက်ဖြစ်သူ ဘရိုင်ယန်ကလာ့ခ်က ပြောကြားထားသည်။
သို့သော် တရုတ်နိုင်ငံသည် ယခုအခါ အမေရိကန်၏ ထိန်းချုပ်ရေး ကြိုးပမ်းမှုများကို တန်ပြန်နိုင်ရေးအတွက် မှတ်ဉာဏ်တု နည်းပညာအပါအဝင် အခြားနည်းပညာများတွင် သာလွန်အောင် စတင်လုပ်ဆောင်လာပြီဖြစ်သည်။
တရုတ်အစိုးရသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက နိုင်ငံအတွင်း၌ ကျင်းပခဲ့သည့် ကျူဟိုင်လေကြောင်းပြပွဲတွင် China Space Sanjiang Group မှ ထုတ်လုပ်ထားသော ယာဉ်ပေါ်တပ်ဆင်နိုင်သည့် "drone killer" LW-30 လေဆာ ကာကွယ်ရေးစနစ်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းလေဆာကာကွယ်ရေး စနစ်သည် ၂၀၁၈ ခုနှစ်တွင် ပွဲဦးထွက်ပြသခဲ့သော လေဆာရောင်ခြည်သုံး ကာကွယ်ရေး လက်နက်၏ “အကောင်းဆုံး” မူကွဲလက်နက်စနစ်ဖြစ်သည့် LW-30 သည် China's Poly Technologies မှ ထုတ်လုပ်ထားသည့် "Silent Hunter" စနစ်နှင့် ဆင်တူမှုရှိသည်။
Silent Hunter လေဆာကာကွယ်ရေး စနစ်ကို တရုတ်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆော်ဒီအာရေဗျ၌ စတင်ဖြန့်ကြက်ခဲ့သည်။ LW-30 လေဆာရောင်ခြည် လက်နက်စနစ်သည် ကီလိုမီတာအနည်းငယ် အကွာရှိ သေးငယ်သော ဒရုန်းများကို စက္ကန့်အနည်းငယ်အတွင်း လှည့်ပတ်၍ပစ်ခတ်နိုင်ပြီး နောက်ပစ်မှတ်သို့ ချိန်ရွယ်နိုင်စွမ်းရှိကြောင်း Sanjiang Group နှင့် တရုတ်နိုင်ငံပိုင် မီဒီယာတို့က ထုတ်ဖော်ပြောကြားခဲ့သည်။ လျှပ်စစ်ဓာတ်အားကို အသုံးပြုခြင်းဖြင့် ရန်သူ၏ ဒရုန်းများကို ချည့်နဲ့စေခြင်းသည် အခြားလက်နက်ခဲယမ်းများကို အသုံးပြုရခြင်းထက် ကုန်ကျစရိတ်ကို များစွာသက်သာစေသည်။
China Sanjiang ကုမ္ပဏီအနေဖြင့် ရန်သူ၏ ဒရုန်းတစ်စင်းအား တိုက်ခိုက် ချေမှုန်းရန် အတွက် တရုတ်ယွမ် ၁၂ ယွမ်ခန့် (ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁.၇၅ ခန့်) ကုန်ကျမည်ဟု ခန့်မှန်းထားခြင်းကြောင့် ယင်းနည်းလမ်းသည် ပြိုင်ဘက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ဒရုန်းစနစ်များကို ချေမှုန်းရာတွင် များစွာ ထိရောက်စေနိုင်သည်။ စင်စစ်တွင် LW-30 လေဆာရောင်ခြည် လက်နက်စနစ်ကို ထုတ်လုပ်ခဲ့ရသည့် အဓိကရည်ရွယ်ချက်မှာ ဒရုန်းကဲ့သို့သော ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးရန်ပင်ဖြစ်သည်။
တရုတ်နိုင်ငံက ပြောကြားသည့် ပြောကြားချက်များသာ မှန်ကန်မည်ဆိုပါက China Sanjiang ကုမ္ပဏီသည် တာရှည်ခံသည့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး သေးငယ်ပြီး ရွေ့လျားနေသော ပစ်မှတ်များအား လေဆာရောင်ခြည်ကို အသုံးပြု၍ တိုက်ခိုက်ချေမှုန်းနိုင်ပြီဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ပြင် China Sanjiang ကုမ္ပဏီသည် LW-30 ၏ ၃၀ ကီလိုဝပ်ရှိ လေဆာ ရောင်ခြည်အလင်းတန်းကို ပိုမိုမြင့်မားသော စွမ်းအင်အဖြစ် အဆင့်မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပြီး ပစ်မှတ်များကို ဖျက်ဆီးရာ၌ လိုအပ်သည့်အချိန်ကို လျှော့ချရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။
အခြေအနေအမျိုးမျိုး၌ အသုံးချနိုင်စွမ်းရှိသော တရုတ်နိုင်ငံ၏ LW-30 နှင့် အခြားသော ဒရုန်းတိုက်ဖျက်ရေး လက်နက်များသည် ၂၁ ရာစု စစ်မြေပြင်တွင် မရှိမဖြစ် လိုအပ်သည့် စွမ်းအားတစ်ခုဖြစ်လာသည်ဟု တရုတ်အစိုးရက ၎င်းတို့၏ စစ်သိပ္ပံစာစောင်တစ်ခုတွင် ဖော်ပြခဲ့သည်။ ထို့ပြင် အမေရိကန်သည် တရုတ်နိုင်ငံ၏ တိုးတက်လာသည့် စစ်ရေးနည်းပညာနှင့် စပ်လျဉ်း၍လည်း စိုးရိမ်မကင်းဖြစ်လျက် ရှိသည်ကိုတွေ့ရသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ အသံထက်မြန်သည့် ဒုံးကျည် စမ်းသပ်နိုင်မှုဖြစ်သည်။
တစ်ချိန်တည်းမှာပင် အင်အားကြီးနိုင်ငံများ ဖြစ်သည့် အမေရိကန်၊ ရုရှားနှင့် အစ္စရေးကဲ့သို့သော နိုင်ငံများကလည်း အဆိုပါနည်းပညာကို အသုံးပြုလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်ကဖြစ်ပွားခဲ့သည့် အာမေးနီးယား-အဇာဘိုင်ဂျန် စစ်ပွဲနှင့် ယနေ့လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း လက်နက်ကိုင်ပဋိပက္ခတို့တွင် ဒရုန်းများ၏ အရေးပါသော အခန်းကဏ္ဍအကြောင်း မကြာသေးမီက တရုတ်မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ လက်နက်ကိုင် ပဋိပက္ခနှစ်ခုစလုံးတွင် လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်သည်များသည် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက်မှုနှင့် တိုက်ခိုက်ရေး မစ်ရှင်များအတွက် လူလိုက်ပါသော လေယာဉ်များ၏နေရာတွင် ငွေကြေးအကုန်အကျ သက်သာပြီး အစားထိုးရန်လွယ်ကူ၍ ထိရောက်မှုရှိသော ဒရုန်းများအား အစားထိုးလက်နက်စနစ် တစ်ခုအဖြစ် အသုံးပြုလာခဲ့ခြင်းကြောင့် လာမည့် အနာဂတ်တွင် အမေရိကန်အနေဖြင့် စစ်ရေးနည်းပညာ အချို့တွင် တရုတ်အား ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းရဖွယ်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။