လူငယ်များ၏ အနာဂတ်ကို မြှင့်တင်ရာတွင်

 

လူငယ်များ၏ အနာဂတ်ကို မြှင့်တင်ရာတွင်

 

    ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12  ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်မှ ၁၉-၃-၂၀၂၄ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက    နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသော ဒေသတချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခွင့်အရေး ဆုံးရှုံးခဲ့ကြသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေရန်အတွက်  တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ  စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သတ်မှတ်ထားသည့်   အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

များစွာတည်မှီလျက်ရှိ

    စင်စစ်အားဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကို အလေးထားကြသည်။ ပညာရေးအသုံးစရိတ် သုံးစွဲနိုင်မှုအပေါ် မူတည်၍ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို ဖော်ပြလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကို တိုးတက်အောင် ထူထောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်သစ်များကို အလေးထားသင့်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ် လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။

အဆင့်မြင့်ပညာသင်ယူနိုင်ရေး

    စင်စစ်အားဖြင့် ပညာရေးသည် ကလေးငယ်များအား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ပြီး အလားအလာကောင်းသော အနာဂတ်ကို တည်ဆောက်နိုင်စွမ်း ရှိစေသော်လည်း ကမ္ဘာတစ်ဝန်း၌ ကလေးငယ် ၂၄၄ သန်းသည်  ပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့် မရရှိကြပေ။

ထို့ပြင် ကလေး ၆၁၇ သန်းကျော်မှာလည်း စာဖတ်နိုင်ခြင်း မရှိသလို  အခြေခံတွက်ချက်နည်း သင်္ချာလည်း မတတ်မြောက်ကြပေ။ အထူးသဖြင့် အာဖရိကဒေသတွင် အမျိုးသမီးငယ် ၄၀ ရာခိုင်နှုန်းခန့်သည် အခြေခံပညာလောက်သာ   သင်ယူခွင့်ရရှိကြပြီး ဒုက္ခသည်စခန်းမှ လူငယ်များသည်   ပညာသင်ယူခွင့်မရရှိဘဲ ကျောင်းထွက်နေကြရသည်။ ထို့ကြောင့် ပညာသင်ယူခွင့် အခွင့်အလမ်းမှာ   ချိုးဖောက်ခံရလျက်ရှိသည်။

ထို့ကြောင့်သာတူညီမျှနှင့် တစ်သက်တာပညာ သင်ယူခွင့် မရရှိဘူးဆိုလျှင် ကျား၊ မ သာတူညီမျှမှုကိုလည်း ဖော်ဆောင်နိုင်စွမ်းမရှိသလို   ကလေးငယ်များအား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်မည်မဟုတ်ချေ။

မြန်မာနိုင်ငံတွင်လည်း  ၂၀၁၉ ခုနှစ်ကြားဖြတ် သန်းခေါင်စာရင်းအရ  ၅ နှစ်နှင့်အထက် လူဦးရေသည် ၄၆ ဒသမ ၄၆၃ သန်းရှိပြီး အဆိုပါ လူဦးရေတွင် ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိသည်။ ထို့ပြင် အသက် ၂၅ နှစ်အထက် ၂၅ ဒသမ ၁၆၉ သန်းခန့်တွင် အတန်းလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း  ၉ သိန်းကျော်ရှိပေသည်။ ထို့ကြောင့် နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံခန့်သည်    အလယ်တန်းအဆင့်ပညာ သင်ယူခွင့်မရရှိခဲ့ကြပေ။ ထို့ပြင် နိုင်ငံလူဦးရေ  ၅၅ သန်းတွင် သုံးသန်းခန့်သာ ဘွဲ့ရရှိခဲ့သဖြင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့်ပညာ သင်ယူနိုင်သည်။ ဆိုလိုသည်မှာ လူ ၁၀ ယောက်လျှင်တစ်ယောက်လောက်သာ  အဆင့်မြင့်ပညာ သင်ယူနိုင်သေးသည်။ အဆင့်မြင့်ပညာ သင်ယူနိုင်သူ အရေအတွက် တိုးတက်လာမှသာလျှင်     လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်မည်ဖြစ်သည်။

အမျိုးသားပညာရေးစီမံကိန်း

    ထို့ကြောင့် တိုင်းပြည်အတွင်း ပညာတတ်များ မွေးထုတ်နိုင်ရေး ရည်မှန်းချက်ဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၃၀ အမျိုးသားပညာရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခု၌ Ph.D  သင်တန်းဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူအားလုံး ပညာများ အမှန်တကယ်တတ်မြောက်ပြီး ပုံမှန်တန်းစဉ် ကူးပြောင်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ပို့ချပေးရန် စီစဉ်လျက်ရှိသည်။  တစ်ဖက်တစ်လမ်းမှလည်း ဆရာ၊ ဆရာမများ လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးရန ်စီမံလျက်ရှိသည်။

နိုင်ငံ၏ အနာဂတ်တိုးတက်ရေး

    နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် တိုးတက်ရေးသည် မျိုးဆက်သစ်များ၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်းပေါ်တွင်  များစွာတည်မှီနေသည် ဆိုသောအချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာ လက်ခံထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မားရေး အတွက် ရေတို၊ရေရှည်စီမံကိန်းများ ချမှတ်လျက် အမျိုးသားရေးအသွင်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ အမှန်တော့ အသိပညာရှင်၊ အတတ်ပညာရှင် ပေါများသော နိုင်ငံတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့်နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံများ အဖြစ်ရပ်တည်နိုင်လေ့ ရှိကြသည်။       

ဆိုရလျှင်   နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေး ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက   နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသော ဒေသတချို့ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်   အခွင့်အရေး မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ    တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ   ထပ်မံကျင်းပ ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် မိဘအုပ်ထိန်းသူများ အနေဖြင့် သား၊ သမီးများ၏ အနာဂတ်ပညာရေး မြင့်မားစေရေးအတွက်  အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားရန်  တိုက်တွန်း အကြံပြုသွားလိုပါသည်။  ။

ရည်ညွှန်းကိုးကား။ 

(1) International  Day  of   Education |                           United Nations.

(2) The 2019 Inter-Censal Survey,  The        Union Report.

 

မောင်သောင်းဝင်း(တမန်ဟောင်း)