ထိုင်းနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံး

 

ထိုင်းနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံး

 

    ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း အပူလှိုင်း ဖြတ်သန်းမှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ပြီးဖြစ်သောကြောင့် အစိုးရက ဧပြီလ ၂၅ရက်တွင် အပူချိန်နှင့် စပ်လျဉ်း၍ သတိပေးချက်များ ထုတ်ပြန်လိုက်သည်။

ဘန်ကောက်မြို့တော်၌ အပူချိန်သည် ဧပြီလ ၂၄ရက်တွင် ၄၀ ဒသမ ၁ ဒီဂရီ ရှိခဲ့ပြီး အပူချိန်ညွှန်းကိန်းအရ အပူချိန်မှာ ၅၂ ဒီဂရီ အထိမြင့်တက်လာနိုင်သောကြောင့် မြို့တော်အာဏာပိုင်အဖွဲ့က မြို့တော်ရှိ ပြည်သူများအား သတိပေးထားသည်။ နိုင်ငံအတွင်း၌ အပူလှိုင်း ဖြတ်သန်းမှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၇ ရက် အထိ အနည်းဆုံး လူ ၃၀ ဦးသေဆုံးသွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အပူလှိုင်းဖြတ်သန်းမှုသည် ယခုရက်သတ္တပတ်အတွင်း၌ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသ အချို့တွင် ဖြစ်ပွားခဲ့ရာ ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရက စာသင်ကျောင်းများကို ခေတ္တပိတ်ပစ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်တွင်လည်း အပူချိန်မြင့်တက်မှု ကြောင့် မိုးရွာသွန်းရန် မျှော်လင့်လျက်ရှိသည်။

အလားတူပင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ   အူဒွန်သာနီပြည်နယ်တွင်လည်း ဧပြီလ၂၅ရက်တွင် အပူချိန်မြင့်တက်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့က သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။