ကျောင်းသား ကျောင်းသူများအား နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေး

ကျောင်းသား ကျောင်းသူများအား နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေး

ပွင့်ဖြူ၊ လူမှုရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌  နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကိုယ်စိတ်နှလုံး ယဉ်ကျေး လိမ္မာစေရန်နှင့် ဗုဒ္ဓ၏ အဆုံးအမတရားတော်များနှင့်အညီ   ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်ကာ ဆရာတော်ဦးဝါယမ ဦးဆောင်၍ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ ရေပုတ်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ၂၈၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် ဗုဒ္ဓဘာသာသာ သနာတော်အား အစဉ်စောင့်ရှောက် ထိန်းသိမ်းလိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေး ဆောင်ရွက် ရမည့် အချက်များနှင့် (၃၈) ဖြာ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစေရေး လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို စနစ်တကျသင်ကြား ပို့ချပေးလျက်ရှိသည်။ သင်တန်းတွင် ပို့ချသင်ကြားပေးသည့် သင်ခန်းစာများကို  ကျောင်းသား၊ ကျောင်းသူများ လက်တွေ့အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် အရည်အချင်းစစ်ဆေးခြင်းဆိုင်ရာ စာမေးပွဲအား ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ သင်တန်းကို ဧပြီလ ၉ ရက်မှ မေလ ၇ ရက်အထိ ၁ လကြာ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်သည်။

ရေပုတ်ကြီးကျေးရွာရှိ ကလေးငယ်များအားလုံးမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသော အားဖြင့် ချစ်စရာ ဆံရစ်ဝိုင်းထားခြင်းဓလေ့ကို ယနေ့ထိတိုင် ထိန်းသိမ်းလျက်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)