မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အပူချိန်အနည်းငယ်ထပ်တိုးနိုင်

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အပူချိန်အနည်းငယ်ထပ်တိုးနိုင်

ရန်ကုန်  ဧပြီ  ၂၅

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်တို့၌ အပူချိန် ၁ ဒီဂရီခန့်အနည်းငယ်ထပ်တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ပုံမှန်အားဖြင့်လည်း သင်္ကြန်ပြီးကာလများတွင် အပူချိန်တိုးလေ့ရှိပြီး များသောအားဖြင့် အချို့နေရာ များတွင်  မေလအထိ ဆက်လက်ပူနေဆဲဖြစ်ကြောင်း သိရသည်။

အပူချိန်တိုးနိုင်

“အပူချိန်မြင့်မားနိုင်ခြေရှိတာကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာပါ။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးမြို့အစရှိတဲ့ နေရာ ဒေသတွေမှာ နည်းနည်းပေါ့။ ၁ ဒီဂရီလောက်တော့ လာမယ့်ဧပြီလ ၂၈ရက်၊ ၂၉ ရက်တွေမှာ အပူချိန် တိုးနိုင်ပါတယ်။ သင်္ကြန်အပြီးမှာတော့ ပုံမှန်အားဖြင့်တိုးနေကျပါပဲ။ ဒီနှစ်မှတိုးတာတော့ မဟုတ်ပါဘူး။ သင်္ကြန်ပြီးရင်တော့ များသောအားဖြင့် မေလထိတောင် အချို့နေရာတွေ ပူသေးတာရှိသေးတယ်။ အဓိကကတော့ မိုးမရွာလို့၊ မိုးရွာနိုင်တဲ့ အလားအလာတွေရှိရင် တစ်ခါပြန်လျော့ ဒီလိုပဲနွေရာသီကတော့ တိုးလာလိုက်၊ နည်းနည်းလေး ပြန်လျော့လာလိုက်နဲ့ပဲ သွားနေတာပါ” ဟု ဦးလှထွန်းက ပြောသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့သည့် နေ့အပူချိန်အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ ထက် ၃ ဒီဂရီဆဲလ်စီးယက်မှ ၄ ဒီဂရီဆဲလ်စီးယက်အထိနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့တွင် ဧပြီလ၏  ပျမ်းမျှအပူချိန်တို့ထက်  ၂ ဒီဂရီဆဲလ်စီးယက်ပိုခဲ့ပြီး ကျန်တိုင်း ဒေသကြီး နှင့်ပြည်နယ်တို့တွင် ဧပြီလ၏ပျမ်းမျှ အပူချိန်ခန့်သာရှိခဲ့ကြောင်းနှင့် ဧပြီလ ၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့်နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅ ဒသမ ၉ ဒီဂရီဆဲလ်စီးယက်၊ ညောင်ဦးမြို့တွင် ၄၄ ဒသမ ၇ ဒီဂရီဆဲလ်စီးယက်၊ အောင်လံမြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယက်၊ မြင်းမူမြို့ တွင် ၄၃ ဒသမ၇ ဒီဂရီဆဲလ်စီးယက်၊ မုံရွာမြို့၊ မြင်းခြံမြို့နှင့်မကွေးမြို့တို့တွင် ၄၃ ဒသမ ၆ ဒီဂရီဆဲလ်စီး ယက်စီ၊ တံတားဦး(လေကြောင်းမိုးလေဝသ)နှင့် ပခုက္ကူမြို့တို့တွင် ၄၃ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်စီ နှင့်မန္တလေးမြို့တွင် ၄၃ ဒသမ၃ ဒီဂရီဆဲလ်စီးယက်တို့ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာပြည်မှာက ချောက်က အပူပိုင်းဒေသတွေဖြစ်တော့ ပူတာပေါ့။ လောလောဆယ်တော့ ချောက်မြို့ကတော့ လက်ရှိမြို့အလိုက် အပူချိန်တွေအရဆိုရင် အပူဆုံးပါ” ဟု ၎င်းကဆိုသည်။

မိုးရွာနိုင်ခြေအနေဖြင့် မြန်မာနိုင်ငံဒေသအချို့တွင်သာ မိုးရွာနိုင်ခြေရှိပြီး ကျန်ရှိသည့် အလယ်ပိုင်း ဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီလကုန်ပိုင်းအထိ မိုးရွာနိုင်မည့် အလားအလာ မတွေ့ရကြောင်းလည်း ဆိုသည်။ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက လည်း အသိပေးထုတ်ပြန်ထားရှိသည့်အတွက် လိုက်နာဆောင်ရွက်ရန်နှင့်နေအလွန်ပူသည့် နံနက် ၁၁ နာရီနှင့်ညနေ ၃ နာရီကြားသည် အပူဆုံးအချိန်ဖြစ်နေပြီး အရိပ်ရသည့်နေရာများတွင် နေထိုင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန်လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

MT