အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

အခန်း (၃၅)

လတော့မသာ။

ကြယ်ရောင်လက်လက်အောက်ဝယ် စောင်းလျား ပင်အုပ်အုပ်လေးသည် မိုးရေစက်တို့နှင့် မှုန်မှုန်လက် နေသည်။

မိုးသည် ညအမှောင်မရောက်ခင် စောစီးစွာပင် တိတ်ခဲ့ပြီဖြစ်သည်။

ထိုညက အောင် ဂီတာတီးဖြစ်သည်။

ပြီးတော့ ဆီချက်တွေ၊ နှမ်းတွေ၊ ပုစွန်ခြောက်၊ မြေပဲကြော်ထောင်းပြီး အောင် ကြံကြံဖန်ဖန်သုပ်ကျွေး သော တရုတ်စကားပွင့်သုပ် တစ်ပန်းကန်ကြီးကုန်လေပြီ။

အောင်က အသုပ်တွေ ဘာတွေသုပ်တတ်နေပါ လား။ ဆန်းဆန်းမြင့်က အံ့သြနေသည်။

အောင်က...

“ဘာထင်သလဲ” လို့ ကြွားသည်။

ချောစုက...

“ယောကျ်ားရနေတဲ့ မိန်းမပဲ၊ ဒါလောက်တော့ သုပ် တတ်မှာပေါ့” လို့ မလိုတမာပြောသေးသည်။

“နင့်ယောကျ်ား”

ဟု အောင်က သူဆဲနိုင်သမျှ ချောစုကိုပြန်ဆဲသည်။

ဆန်းဆန်းမြင့်က...

“သြော်...ဒီအုပ်စုကတော့ တစ်ယောက်မှလည်း ယောကျ်ားမရကြရှာဘူး၊ ဟိုအုပ်စုကတော့  အသံ တိတ်ရ နေကြတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် ဒါထက် ကော်ရိုလာကားပေါ်ပါလာတဲ့ ထိပ်ပြောင် ပြောင်လူကြီးက ခရစ္စတင်းရဲ့လူတဲ့”

“ဟယ်...ဟုတ်လား၊ ငါက သူ့အဖေကြီးမှတ်လို့”

ချောစုကပြောလိုက်သည်။

အောင်က    နောက်သလိုလို    အတည်ပြောသလို လိုနှင့်...

“ဟိုကောင်မ မိချောစု၊ ငါ့ကို “ယောကျ်ား...” ဆိုတဲ့ စကားခဏခဏမပြောနဲ့ဟယ်၊ ကျိန်းကျေတယ်၊ ငါလည်း တော်တော်နဲ့ ယောကျ်ားမယူချင်သေးဘူး၊ ကိုလတ်ကလည်း မိန်းမတော်တော်နဲ့ ယူဖြစ်မှာ မဟုတ်ပါဘူး၊ ကိုလတ်နဲ့ ကိုအောင်တို့ တော်တော်နဲ့ အိမ် ထောင်မပြုကြကြေး သန္နိဋ္ဌာန်ချခဲ့ကြတာတဲ့၊ သူတို့နှစ် ယောက်စလုံး သားမယားအနှောင်အဖွဲ့ထဲ ဝင်ချင်ပုံ မရကြပါဘူး”

ပြောပြီး အောင်က သူ့မေးကို သူပွတ်ကာ...

“ကိုလတ်က ငါ့လို အလိမ္မာလှပဂေးနဲ့ တွေ့သွား မှတော့ ဘယ်ခံနိုင်တော့မလဲလေ”

“ထွီ”

ချောစုက ထောမနာပြုလေသည်။

အောင်က ရယ်လျက်...

“ငါကလည်း ခက်တာက ဆွဲဆောင်မှုက အပြည့် ရှိတာ၊ ငါ့လို မိန်းကလေးမျိုး နောက်ထပ် ကိုလတ် တွေ့ဖို့မလွယ်တော့ဘူးမဟုတ်လား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင့်လို အချဉ်ပေါက် နေတဲ့ ဂျစ်တူးမျိုးရဖို့ ဘယ်လွယ်မလဲ၊ သြော်... ကိုလတ်  ကိုလတ်၊  ဆိုးလိုက်တဲ့ကံ၊  ငါ  အစ်ကို့ကို သနားလိုက်တာဟယ်၊  သူ့ကို  တစ်သက်လုံးဒုက္ခပေး မယ့်  မြွေပွေးတစ်ကောင်တော့  ခါးပိုက်ထဲထည့်မိရှာပြီ”

ချောစု၏ဗိုက်ကို အောင်သည် ဆွဲလိမ်လိုက်သည်။

ထို့နောက် အပူအပင်ကင်းမဲ့စွာ ရယ်မောကြလျက် ဂီတာတေးသံကို ဖွဲ့ဖန်ဆင်းရင်း ချစ်ဖွယ်တိတ်ဆိတ် အေးချမ်းသော ညကာလ၏အလှကို ဂုဏ်ပြုလိုက်လေ၏။

လူတိုင်းရဲ့ဘဝဟာ ခါးလျက်နဲ့ချိုပါတယ်၊ လောကက တံခါးအကျယ်ကြီး ဖွင့်လိုက်ပါပြီ၊ လောကကို နှစ်ဖက်မြင်နေရတော့မှဖြင့် ဘယ်လူသားမှ ပြည့်စုံတယ်လို့ သူ့ကိုယ်သူ မပြောနိုင်ပါဘူး၊ ဒီလောက တံခါးဟာ နှစ်ဖက်လွှဲနေတာကိုး။

တံခါးဟာ အထဲတစ်လှည့် အပြင်တစ်လှည့် လွှဲနေတယ်၊ တစ်ချိန်ချိန်မှာ သင်ငိုနေရသလို၊ တစ်ချိန် ချိန်မှာတော့ သင်ဟာ ပျော်ရွှင်မှုနဲ့ အော်ဟစ်နေရလိမ့်မယ်၊ တံခါးဟာ နှစ်ဖက်လွှဲနေတယ်။

လေဟာ တစ်ခါတလေ တောင်ဘက်က တိုက်လာ သလို၊ မြောက်ဘက်လေအေးကလည်း   တိုက်တဲ့အခါ တိုက်တာပဲ၊ တံခါးဟာ ရှေ့တိုးနောက်ငင် သွားနေမှကိုး၊ အမှောင်ရိပ်ဟာ ထိုးကျချင် ကျလာတာပဲ။

ဘာပဲဖြစ်ဖြစ်လေ၊ ထွန်းလင်းလာမယ့် နေရောင်အတွက် သင်ဟာ အသင့်ဖြစ်နေရမယ်၊ ဘယ်အရာမဆို လမ်းဆုံးပန်းတိုင်တော့ရှိမှာပါ၊ ဒါကြောင့် သူငယ်ချင်းတို့ သတ္တိမွေးကြပါ၊ တံခါးကတော့ ရှေ့နောက်လွှဲ နေမှာပဲ။

ရွှင်လန်းတစ်လှည့် နာကြည်းတစ်လှည့်ပေပဲ၊ မနက်ခင်းနေသာတယ်၊ ညနေမှာ မိုးရွာတယ်၊ တံခါးဟာ ရှေ့နောက်လွှဲမြဲပဲ။

မှောင်ချည် လင်းချည် တစ်လှည့်စီပေပဲ၊ နေ့တိုင်းမှာ သင်ဟာလေ၊ အမှားတွေရော အမှန်တွေရော၊ ရွေးချယ်လုပ်နေမိလေရဲ့၊ တံခါးဟာ ရှေ့တိုးနောက်ငင် လွှဲနေမှကိုး။

သင်ဟာ ပျော်ပျော်နေမလား၊ စိတ်ဆင်းရဲနေမလား၊ ဒီသြကာသ ကမ္ဘာမြေလောကမှာ၊ သင်ဟာ  သေဖို့အဆင်သင့်မဖြစ်သေးရင်၊ အတတ်နိုင်ဆုံး တက်တက်ကြွကြွနေပါတော့၊ တံခါးကတော့ ရှေ့နောက် လွှဲ မြဲလွှဲနေမှာပဲ။

ဆက်လက်ဖော်ပြပါမည်။