တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ ခွဲဝေချထားမှုနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် ဧပြီ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဘဏ္ဍာငွေခွဲဝေချထားမှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၈)ချက်ကို အလေးထား၍ စီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေရရှိသည့် အသုံးစရိတ်များကို ခွဲဝေသုံးစွဲရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပြင် မိမိ၏ဌာနတွင်းမှာ ရှိသော ဝန်ထမ်းများအတွက် တိုက်ရိုက်အကျိုး သက်ရောက်ဖြစ်ထွန်းစေမည့် အသုံးစရိတ်များကို စနစ်တကျ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ အသုံးစရိတ်များကိုလည်း လျာထား သည့်အတိုင်း အချိန်မီပြည့်ပြည့်၀၀ သုံးစွဲရန် လိုအပ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲမှု မဖြစ်စေရန်နှင့် ပြန်လည်အပ်နှံခြင်း မရှိစေရန် ဘဏ္ဍာငွေများကို ချင့်ချိန်သုံးစွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်း (၁/၂၀၁၇)၊ (၁/၂၀၂၂) လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေး စံချိန်စံနှုန်းပြည့်မီအောင် အလေးထား ဆောင်ရွက်သွားကြရန်နှင့် ချမှတ်ထားသည့် သုံးလပတ် ငွေသားစီမံချက်များနှင့်အညီ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်သွားကြရန်၊ အသုံးစရိတ်များကို စနစ်တကျ စိစစ်ချွေတာသုံးစွဲသွားရန်၊ အကျိုးရှိသည့်နေရာတွင် သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ နိုင်ငံတော်မှခွဲဝေချပေးသော ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာငွေများကို အလေအလွင့်နစ်နာ ဆုံးရှုံးမှုများ (လုံးဝ) မရှိစေရေးအတွက် မှန်ကန်စွာ သုံးစွဲမှုစနစ်ကို အလေးအနက်ထား ဂရုပြုဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခင်နှစ်က စီမံကိန်း (၂၄) ခုကို ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်း(၁၈)ခုရှိပြီး ဃေူနညိမေ ရေးဆွဲ၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ သုတေသနပြု၍ ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ် ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေရရှိမှု အခြေအနေကို လည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဘဏ္ဍာငွေခွဲဝေချထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာတို့မှ တာဝန်ခံများနှင့်တက် ရောက်လာသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။