ပေကျင်းရဲတက္ကသိုလ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် သွားရောက်လေ့လာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်

 

ပေကျင်းရဲတက္ကသိုလ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် သွားရောက်လေ့လာ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်

 

နေပြည်တော်  ဧပြီ  ၂၆

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး  H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရေး   တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ ဧပြီလ ၂၄ ရက် မွန်းလွဲပိုင်းတွင်ရောက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ဆက်လက်ထွက်ရာ ဧပြီလ ၂၄   ရက်   ညပိုင်းတွင်ရောက်ရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Datong  ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ စစ်သံမှူးကြီး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်တို့က ကြိုဆိုခဲ့ကြသည်။

အဆိုပါအလုပ်သဘော ခရီးစဉ်အတွင်း ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်    ပေကျင်းရဲတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့သည်။

ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းဝေ့အန်း ဟိုတယ် (Beijing Rui An Hotel) ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပရာ နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသနေပြည်သူများ ဘေးကင်းလုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို  ပူးပေါင်းတိုက်ဖျက်ရေး၊   စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ရပ်တည်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေး စာလွှာကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည့်   Golden Great Wall Commemorative Medal ဆုတံဆိပ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiao Hong  က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဆုတံဆိပ် ကို လက်ခံရယူပြီး   ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့ပြင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Xiao Hong  ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

ညပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  နိုင်ငံ တော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။