အသိပညာမျှဝေ ဆွေးနွေးပွဲ အမှတ်စဉ်(၄၀)ကျင်းပ

 

အသိပညာမျှဝေ ဆွေးနွေးပွဲ အမှတ်စဉ်(၄၀)ကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၆

    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ် (Knowledge Sharing Program-KSP)အရ ကျင်းပသည့်ဆွေးနွေးပွဲ အမှတ်စဉ်(၄၀) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့    ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊  ဌာန ဆိုင်ရာအကြီးအကဲများ၊  တာဝန်ရှိသူများက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့်  စာရင်းစစ်သင်တန်းကျောင်း ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့်    မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက   အွန်လိုင်းမှ လည်းကောင်း တက်ရောက်ကြသည်။ 

ဆွေးနွေးပွဲတွင်   ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက   ဝန်ထမ်းများအနေဖြင့် အရည်အချင်း၊ အရည်အသွေးများ စဉ်ဆက် မပြတ်မြှင့်တင်နိုင်ရေး ကြိုးစားနေရမည်ဖြစ်ရာ နိုင်ငံတကာ အတွေ့အကြုံများကို သိရှိနားလည်ထားရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် အခါအားလျော်စွာ နိုင်ငံခြားပညာတော်သင်များကို စေလွှတ်ပေးလျက်ရှိပြီး အဆင့်မြင့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရေး၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်များကို ပြန်လည်အသုံးချ၍ မိမိနိုင်ငံ၊ မိမိရုံးကိုအကျိုးပြုနိုင်သည့်   ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတွင် နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝေထွန်းက ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများ၊  ပြုစုခဲ့သည့်စာတမ်းနှင့်  ရရှိခဲ့သည့် အကျိုးကျေးဇူးများကို  ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။