ဗဟိုသန်းခေါင်စာရင်း ကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

 

ဗဟိုသန်းခေါင်စာရင်း ကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်

 

နေပြည်တော် ဧပြီ ၂၆

    ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအောင်မြင်ရေးအတွက်    ဗဟိုသန်းခေါင်စာရင်း ကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာန အသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်  တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက သက်ဆိုင်ရာ ဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄  ခုနှစ်  အောက်တိုဘာလ ၁ ရက်မှ ၁၅  ရက်အထိ  ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်ရာ  အချိန်ကာလအားဖြင့်  အလွန်နီးကပ်နေပြီဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရာတွင် အရေးကြီး သည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့်  တစ်ခုတည်းသော စီမံကိန်းလုပ်ငန်း ဖြစ်ခြင်းကြောင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် ပညာ ရေး ဝန်ထမ်းများက အဓိကပါဝင်မည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊  လူမှုရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ (Volunteers)) များ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ကို လာမည့်သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သဖြင့် စာရင်းကောက်ယူမည့်  Mobile Tablet  များအပါအဝင် လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို  စာရင်းစစ်၊  စာရင်းကောက်များထံ အချိန်မီထုတ်ပေးနိုင်ရေးနှင့် အုပ်ချုပ်မှု နှင့်   စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်မှုကော်မတီများ အနေဖြင့် ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းနှင့် ပတ်သက်၍ စမ်းသပ်သန်းခေါင်စာရင်းမှ ရရှိလာသည့် အတွေ့အကြုံများ၊ အားသာချက်၊  အားနည်းချက်များကို အခြေခံ၍ ကောက်ကွက်ဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်း မေးခွန်းပုံစံ ပြင်ဆင် အတည်ပြုခြင်းတို့ကို သတ်မှတ်အချိန်ဇယား အတိုင်း  အချိန်မီ ပြီးစီးရေးအတွက်  မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။ 

ထို့ပြင်   CAPI   စနစ်ပြင်ဆင်တည်ဆောက်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် လက်စွဲစာစောင်များ၊ သင်တန်းလမ်းညွှန်စာစောင်များ ပြုစုခြင်းတို့ကိုလည်း အချိန်မီပြီးစီးရေး  ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေး အသေးစိတ်လုပ်ငန်း  အစီအစဉ်များကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများမှတစ်ဆင့် ကော်မတီအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ  ထပ်ဆင့်ညွှန်ကြား ဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ သန်းခေါင် စာရင်းကောက်ယူရာတွင်  နည်းပညာ လိုအပ်ချက်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြားသောနယ်မြေဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ယခုပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို နိုင်ငံတကာ အကူအညီမပါရှိဘဲ မိမိတို့နိုင်ငံ အင်အားဖြင့်သာ ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် အားလုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ နိုင်ငံတော်အစိုးရ၏ မှတ်တိုင်တစ်ခုစိုက်ထူ မှတ်ကျောက်တင်နိုင်ရေးအတွက် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်  တိုက်တွန်းပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက်    ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အတွင်းရေးမှူး(၁)  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်   လုပ်ငန်းအခြေအနေများကို လည်းကောင်း၊ နေပြည်တော် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  နေပြည်တော် ကောင်စီဥက္ကဋ္ဌက   ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း  သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာ ကြသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင်များ၊   ကိုယ်စားလှယ်များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက်   လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ပြည်နယ် အလိုက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်    ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ်၊ စာရင်းကောက်များ ဖွဲ့စည်းမှု၊ သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်    ပြည်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး သန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel ူ များတွင် ထုတ်လွှင့်မည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များကို   ညှိနှိုင်းဆွေးနွေး ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။