ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်မြန်မာ့သနပ်ခါး

ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်မြန်မာ့သနပ်ခါး

မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ  ချောက်မြို့၌ ၄၆ ဒီဂရီဆဲလ်စီးယက်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊   မကွေးမြို့ နှင့် တောင်တွင်းကြီးမြို့တို့၌    ၄၄ ဒီဂရီဆဲလ်စီးယက်၊  စစ်ကိုင်းမြို့၊  မြင်းမူမြို့၊   တံတားဦး (လေကြောင်း မိုးလေဝသ)၊ ဂန့်ဂေါမြို့နှင့်   ဆင်ဖြူကျွန်းမြို့တို့၌ ၄၃ ဒီဂရီဆဲလ်စီးယက် အသီးသီးရှိကြောင်း  သိရသည်။

နေ့အပူချိန်မြင့်တက်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်လည်း ကျရောက်နိုင်သည်။ ခရမ်းလွန် ရောင်ခြည် ကို Ultraviolet (UV) ဟုခေါ်ပြီး ယင်းတွင် UVA နှင့် UVB နှစ်မျိုးရှိသည်။

  • UVA က အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသည့်အပြင် အရေပြားအောက်ခြေရှိ Collagen ကို ပျက်စီးစေကာ အသားအရေအဖတ်လန်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ  အိုမင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။
  • UVB က နေလောင်ခြင်းကိုဖြစ်စေသောကြောင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲ ထွက်ခြင်းကို ရှောင်ကြဉ်သင့်သည်။

သို့ဖြစ်ရာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည် နှင့်ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားညိုမည်းလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့မှုကာလကြာလာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း၊ ခုခံအားကျဆင်း လာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်။

ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ

  • ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ  ကျရောက်နိုင်သည့်   နံနက် ၁၀ နာရီမှ  ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်သည်။
  • ခရမ်းလွန်ရောင်ခြည် အလွယ်တကူမထိုးဖောက်နိုင်သော   ချည်သားထူထူပွပွအဝတ်အထည်များ ဝတ်ဆင်သင့်သည်။
  • ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်သည်။
  • မဖြစ်မနေအပြင်ထွက်ရသည့်အခါ ခရမ်းလွန်ရောင်ခြည် ဒဏ်သက်သာစေရန် ထီး၊ ဦးထုပ်တို့ ဆောင်းသင့်သည်။
  • အဝတ်ကင်းလွတ်သော လက်၊ လည်ပင်း၊ ပခုံး စသည့်နေရာများကို    သနပ်ခါးထူထူ    သို့မဟုတ်  SPF 15 + ပါဝင်သော နေရောင်ကာခရင်မ်ကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုပြီးလိမ်း သင့်သည်။
  • ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရ နိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။
  • အသက်တစ်နှစ်အောက် ကလေးငယ်များကို အပြင်သို့မထွက်စေဘဲ အရိပ်ထဲတွင်သာ ထားသင့် သည်။

အထက်တွင်ဆိုထားသည့်အတိုင်း ခရမ်းလွန်ရောင်ခြည်သည် အရေပြား၏ အနက်ရှိုင်းဆုံး အထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်များကို တိုက်ခိုက်စေနိုင်သည်။ ထို့ကြောင့် မိမိတို့ အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန်လိုအပ်သည်။ ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ရန် ဆေးဖက်ဝင်မြန်မာ့သနပ်ခါးကို လိမ်းခြယ်သင့်သည်။ သနပ်ခါးပင်သည် ရှောက်မျိုးရင်း ဖြစ်၍ အသားအရေအတွက် လွန်စွာဆေးဖက်ဝင်သည်။ သနပ်ခါးသည် မြန်မာမိန်းကလေးများ စွဲမြဲစွာသုံးစွဲကြသည့် အလှကုန်ပစ္စည်းဖြစ်သည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါး

အလှကုန်ပစ္စည်းဈေးကွက်တွင်  တားမြစ်ဓာတု ဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားသည့် သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များကို လိမ်းမည့်အစား မြန်မာ့ရိုးရာသနပ်ခါးကို ကိုယ်တိုင် သွေးလိမ်းပြီး အလှဆင်သင့်သည်။

၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို လေ့လာခဲ့ကြရာ သနပ်ခါးတွင် အင်တီအောက်ဆီးဒင့် ခေါ် ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုးပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော  ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေနိုင်သောဓာတ်များနှင့် အရေပြား အရောင်ကို အပြောင်းအလဲဖြစ်စေသော  ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါရှိကြောင်း   လေ့လာတွေ့ရှိခဲ့ကြသည်။ သနပ်ခါးသည်  နေပူဒဏ်အပြင်  နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားသည်။

အလှကုန်ပစ္စည်းဈေးကွက်တွင် သဘာဝသနပ်ခါးစစ်စစ်များရှိသကဲ့သို့ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင် ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍ သနပ်ခါးအရည်၊ အနှစ်ဘူးများ၊  ပုလင်းများဖြင့်   အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ထုတ်လုပ်ထားသည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင် တာရှည်ခံစေရန်နှင့်  တခြားအမွှေးရနံ့များ ပါဝင်နေ၍  တချို့အသား အရေများနှင့်   ဓာတ်မတည့်မှုဖြစ်စေနိုင်သည်။    သို့သော် ခေတ်မီနည်းပညာများ  တိုးတက်လာသည်နှင့် အမျှ ဈေးကွက်ထဲ၌ အသင့်အသုံးပြုနိုင်သည့် စံနှုန်းပြည့် အသိအမှတ်ပြုသနပ်ခါးဘူး၊ ပုလင်းများ ရှိကြရာ မိမိအသားအရေနှင့် ဓာတ်တည့်သော သနပ်ခါးဘူးများ ရွေးချယ်အသုံးပြုရန် လိုအပ်သည်။

သနပ်ခါးတုံးရွေးချယ်နည်း

သနပ်ခါးပင်တစ်ပင်၏ တန်ဖိုးသည် ယင်းအပင်၏ အခေါက်၊ အပွေးတို့ဖြစ်သည်။ ထို့ကြောင့် အပွေးမြင် အပင်သိဟူသော ဆိုရိုးစကားရှိသည်။ အပင်မည်မျှရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးသကဲ့သို့ တာရှည်လည်းအသွေးမခံပေ။ ထို့ကြောင့် အရွေးမမှားစေရန် အရည်အသွေးကောင်းမွန်သော သနပ်ခါး တုံး ရွေးချယ်နည်းများကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။

  • ပြည်တွင်း၌ သနပ်ခါးကို စစ်ကိုင်းတိုင်းဒေသကြီး အရာတော်၊ မုံရွာ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များ၌ အများဆုံး စိုက်ပျိုးကြသည်။ ယင်းတို့အနက် ရေစကြို မြို့နယ်မှ ရှင်မတောင်သနပ်ခါးသည် ထိုဒေသ၏ ရေမြေသဘာဝ ထူးခြားချက်များကြောင့် တခြားနယ် များမှ ထွက်ရှိသည့်သနပ်ခါးများထက် ပိုကောင်းသည်။
  • အပင်တုတ်ခြင်း၊ မတုတ်ခြင်းထက် အပွေးအရောင်အသွေးနှင့် အထူကိုကြည့်ရသည်။ သနပ်ခါး အပွေးမှာ ကြေးနီရောင်အပွေး၊  ဥသျှစ်ပွေး၊ ဂုံပွေးဟူ၍ သုံးမျိုး ရှိသည်။   ယင်းတို့အနက်    ကြေးနီ ရောင်အပွေးမှာ လက်ချောင်းကလေးများကဲ့သို့ အခေါက်များ အမြှောင်းလိုက်ကြွနေကာ အပွေး မာကျောပြီး ပထမတန်းစား အပွေးဖြစ်သည်။ တစ်ခါတစ်ရံ ပုစွန်ဆီရောင်ရှိသော အပွေးကိုလည်း တွေ့ရသည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာ ပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍ ဂုံပွေးမှာ  အဖြူရောင်အခေါက်ပါး၊   အပွေးလည်းပါးပြီး ပွရောင်းသောအညံ့စားသနပ်ခါးဖြစ်သည်။
  • သနပ်ခါးတုံးတစ်တုံး၏အပွေးကို လက်သည်းဖြင့် အသာဖိဆိတ်ကြည့်ပါ နစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်သင့်ပေ။
  • လက်ဖြင့်ကိုင်ဆကြည့်ပါက   ပေါ့လွန်းနေလျှင် ယင်းသနပ်ခါးအတုံးသည် အသားကျစ်လျစ်မှု နည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ  ရေဓာတ်ခန်းသွား ပြီဖြစ်၍  အလေးချိန်ပေါ့နေခြင်းဖြစ်သည်။  သက်တမ်းရင့်အပင်သည် အသားကျစ်လျစ်မှုကြောင့်     ရေငွေ့ပြန်နှုန်းနှေးကာ တခြားအပင်များထက် ပိုမိုလေးသည်။
  • ဖြတ်ထားခါစ သနပ်ခါးတုံး၏ အတွင်းသားမှာ အနံ့သင်းသည်။ ချဉ်စူးစူးအနံ့ရနေလျှင် မှိုစွဲနေသည့် သနပ်ခါးတုံးဖြစ်သည်။
  • သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားကြားတွင် ပြာမှိုင်းမှိုင်းအရောင်တွေ့ရပါက မှိုတက်နေသည့် လက္ခဏာဖြစ်သည်။
  • တချို့သော စီးပွားဖြစ်သနပ်ခါးရောင်းသူများသည် အပွေးမလှသော သနပ်ခါးတုံးအစစ်ကို ရှားစေး၊ မြေနီ၊ ထမင်းရည်စသည်တို့ဖြင့် ရောစပ်ပြီး သွားပွတ်တံနှင့် သနပ်ခါးအခေါက်ကြား သုတ်လိမ်း၍ အရောင်တင်ကာ ရောင်းတတ်ကြ၍ ဂရုပြုဝယ်ယူသင့်သည်။

အချုပ်အားဖြင့်ဆိုရသော် သနပ်ခါးနှင့်ဓာတ်မတည့်သူ မရှိသလောက်ရှားသည်။ ထို့ကြောင့် မြန်မာ့ သနပ်ခါးသည် ထိုင်းအလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်ရန် အရှိန်ယူနေပြီ ဖြစ်ရာ မကြာမီ ကာလအတွင်း ကမ္ဘာမှာကျော်ကြား မြန်မာ့သနပ်ခါး ဖြစ်လာတော့မည် ဖြစ်သည်။

မြန်မာ့သနပ်ခါးသည် အသားအရေလှပခြင်းအတွက်သာမက ကိုယ်တွင်းကိုယ်ပ ရောဂါဘယများ အတွက်ကိုလည်း ဘေးထွက်ဆိုးကျိုးလုံးဝမရှိ ဆေးဖက်ဝင်လှပေသည်။ သို့ပါ၍ ယခုကဲ့သို့ အပူချိန် မြင့်တက် နေသည့်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ညအိပ်ရာဝင်ခါနီးတိုင်း သနပ်ခါး သွေးလိမ်းသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ပေါက်ပေါက်