၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်

၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်

နေပြည်တော်  ဧပြီ  ၂၇

အနောက်တောင်မုတ်သုံလေဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအခြေအနေ

၁။      အနောက်တောင်မုတ်သုံလေသည် ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နယုန်လဆန်း ၃ ရက်နေ့မှ ၈ ရက်နေ့)အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့  ဝင်ရောက် ဖွယ်ရာရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်းခန့်)တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

မိုးဦးကာလ ခန့်မှန်းချက်

၂။       မိုးဦးကာလသည် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်အထိဖြစ်ပါသည်။ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအနည်း ငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၃။      မိုးဦးကာလ မေလနှင့် ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့ တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။

မိုးလယ်ကာလ ခန့်မှန်းချက်

၄။      မိုးလယ်ကာလသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိဖြစ်ပါသည်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ် တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပါသည်။ မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၅။      မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂ ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁ ကြိမ် ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ၁ ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ကြိမ်ခန့်၊ သံလွင် မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင်  ၂ ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ၁ ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၁ ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။

မိုးနှောင်းကာလ ခန့်မှန်းချက်

၆။      မိုးနှောင်းကာလသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်ပါသည်။  မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း  ၃  ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေ သည် အားအသင့်အတင့် ရှိနိုင်ပါသည်။ မိုးရွာသွန်းမှုအခြေအနေမှာ  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲအောက် လျော့နည်း နိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

၇။      မိုးနှောင်းကာလ  စက်တင်ဘာလနှင့်  အောက်တိုဘာလတို့တွင် ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၁ ကြိမ် ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၁ ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် ၁ ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် ၁ ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၁ ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင် ပါသည်။

၂၀၂၄ ခုနှစ် မိုးဦးကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်

၂၀၂၄ ခုနှစ် မိုးဦးကာလသတ်မှတ်ခြင်း

၈။      ၂၀၂၄ ခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင် ရောက်သည့်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် မုတ်သုံလေ ဝင်ရောက်နိုင်မှုအခြေအနေ

၉။      အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာ ရှိပါသည်-

          (        က      )        မေလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊

          (        ခ       )        မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊

          (        ဂ       )        ဇွန်လ ၃ ရက်နေ့မှ ၈ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်

          (        ဃ      )        ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁၀။    ဘင်္ဂလားပင်လယ်အော်တွင်   လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်တွင် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။

မိုးအခြေအနေ

၁၁။    မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊   မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊   ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မြစ်ရေအခြေအနေ

၁၂။    မိုးဦးကာလ မေလနှင့်ဇွန်လတို့တွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်တို့တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေများသည် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ်မရှိပါ။               

(မိုး/ဇလ)