MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C)တွင် ဟံသာဝတီယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရ

MNL League Cup 2024  ပြိုင်ပွဲ အုပ်စု(C)တွင် ဟံသာဝတီယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန်   ဧပြီ  ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များကို ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ဟံသာဝတီယူနိုက် တက်အသင်းနိုင်ပွဲရရှိခဲ့ပြီး ဒဂုံစတားအသင်း နှင့် ဒဂုံပေါ့အသင်းတို့ သရေရလဒ်ထွက်ပေါ် ခဲ့ကြောင်း သိရသည်။

MNL League Cup 2024  ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ဆေးဗားစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီ ယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  ဟံသာဝတီယူနိုက် တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်နှင့် ၈၄ မိနစ်တွင် အောင်မိုးထွေးက လည်းကောင်း၊ ပွဲချိန်မိနစ် ၇၀ တွင် သန်းတိုး အောင်ကလည်းကောင်း၊ ပွဲချိန် ၇၂ မိနစ်  တွင် ကောင်းထက်အောင် ကလည်းကောင်း၊ ပွဲချိန် ၈၆ မိနစ်တွင် ဇွဲမာန်သာကလည်း ကောင်း၊ ပွဲချိန် ၉၃ မိနစ်တွင် နေမိုးနိုင်တို့က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ညနေ ၄ နာရီက တက္ကသိုလ် အားကစားကွင်းတွင် ဒဂုံစတားအသင်းနှင့် ဒဂုံပေါ့အသင်း တို့ကစားခဲ့ရာ တစ်ဂိုးစီသရေ လဒ်ထွက်ပေါ်ခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၃၈ မိနစ်တွင်  မိုဂူအူက သွင်းယူပေးနိုင်ခဲ့ပြီး ဒဂုံစတားအသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် ဇော်ရဲထွန်း က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(D)အုပ်စုပွဲစဉ်များအဖြစ် ဧပြီ ၂၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် သစ္စာအားမာန် အသင်း၊ ညနေ ၄ နာရီ တက္ကသိုလ်အားကစား ကွင်းတွင် ရက္ခပူရယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ဆက်လက် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူအောင်