စားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံတိုးစိုက်စို့

စားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံတိုးစိုက်စို့

“ကိုအောင်ကွာ။ ငါ့မှာတစ်နေ့ခင်းလုံး မင်းနဲ့စကားပြောချင်လို့ အိပ်တောင်မအိပ်ဘဲ စောင့်နေတာ။ မင်းအလုပ်ကလည်းကွာ သင်္ကြန်နှစ်ကူး ရုံးပိတ်ရက်တောင်မှမနားရဘဲ ဒီလောက်တောင်အရေးကြီး သလား။ မင်းတို့အစည်းအဝေးက ဘာအစည်းအဝေးမို့လို့ ဒီလောက်ကြာနေ တာလဲ။”

ကျွန်တော်အိမ်ရောက်တော့ မွန်းလွဲ  ၂ နာရီခွဲပြီးနေပြီ။ မနက်က ၈ နာရီလောက် အိမ်ကထွက်ခဲ့သည်။ ပြည်တွင်း စားသုံးဆီဖူလုံဖို့အတွက်  ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး အစည်းအဝေး တက်ရောက်ရန်ဖြစ် သည်။ ကျွန်တော့်အစ်ကိုကြီးက တိုင်းရေးပြည်ရေး စိတ်ဝင်စားသည်။ ဖျာပုံခရိုင် သလိပ်ကြီးရွာတွင် နေသည်။ သလိပ်ကြီးကျေးရွာကား ကျွန်တော့်အမေ၏ ဇာတိရပ်ရွာဖြစ်သည်။ အစ်ကိုကြီးကားရွာ၌ ရှိနေစဉ် တိုင်းပြည်ရေးရာကိစ္စများနဲ့ပတ်သက်၍ ဖုန်းဆက်ပြီး ကျွန်တော်နှင့် ဆွေးနွေးလေ့ရှိသည်။ သို့သော်လည်း ကျွန်တော်မအားသည်ကများ၍ စကားကြာကြာမပြောဖြစ်။ သို့ဖြစ်၍ သင်္ကြန်တွင်း  ကျွန်တော်နှင့် စကားပြောရန် သင်္ကြန်မတိုင်ခင်ကတည်းက ကျွန်တော့်အိမ်ရောက်နေခြင်း ဖြစ်သည်။ ယနေ့ မနက်လည်း ကျွန်တော်နဲ့ ဘာဆွေးနွေးချင်တယ်မသိ။

“မင်းသိပ်မကြာဘူး မဟုတ်လားဟုတော့မေးသည်။ ကျွန်တော်ကလည်း ပြီးစလွယ်မကြာလောက်ပါဘူး”

ဟု ပြောခဲ့မိသည်။ ယခုတော့ အစ်ကိုကြီးစိတ်တိုနေပြီ ထင်သည်။

“ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး အစည်းအဝေးတက်တာ အစ်ကိုကြီးရေ။ ကျွန်တော်တို့ ရှေးလူကြီးတွေ အိမ်မှာ ဆန်၊ ဆီ၊ ဆားရှိရင် အကြမ်းဖျင်းလုံလောက်တယ်လို့ ပြောကြတယ် မဟုတ်လား။ ဒီတော့ စားသုံးဆီ ပြည့်ဝဖို့၊ ဖူလုံဖို့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ အစည်းအဝေးလုပ်တာပါ။”

“ဆီများကွာ။ တို့မြန်မာစကားမှာ ဟိုရှေးခေတ်ကဆို ဆီကိုရေချိုး ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုတဲ့ စကားတောင်ရှိခဲ့တာပဲ။ စားဆီဆိုတာပေါမှပေါ။ အဲ့ဆီကလည်း တို့လူမျိုးတွေအကြိုက်ကွ။ လွှစာမှုန့် တောင် ဆီဆမ်းစားရင် အရသာရှိတယ်လို့ပြောကြတယ် မဟုတ်လား။ လက်ဖက်တို့၊ ငါးခြောက်ဖုတ် တို့ဆိုရင် ဆီစိမ်ထားမှ အရသာရှိတာ။ အေး ဟိုတုန်းကတော့ ဆီပေါတာပေါ့ကွာ။ အခုမင်းတို့ ခေတ်ရောက်မှ ရှားတာပဲလေ။  အဲဒါဘာဖြစ်လို့  ဖြစ်ရတာလို့ မင်းထင်သလဲ။”

“အစ်ကိုကြီးက ဒေါသအနည်းငယ်ပြေသွားပုံရပြီး စိတ်ဝင်တစား မေးလာသည်။”

“ဒါကတော့ အစ်ကိုကြီးရယ်။ အစ်ကိုကြီးလည်း သိတာပဲလေ။ လွတ်လပ်ရေးရပြီးစက ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေက  ၁၅-၁၆ သန်းလောက်ပဲရှိတာလေ။  အခုက လူဦးရေ  ၅၆ သန်း ဆိုတော့  စားတဲ့လူတွေက ပိုလာတယ်။ ကျွန်တော်တို့လည်း မှတ်မိတယ်လေ။  ကျွန်တော်တို့ ငယ်ငယ်က  ရေနံဆီ တစ်ပုလင်း ၂၅ ပြား၊ ကော်ဖီ၊  လက်ဖက်ရည်တစ်ခွက်  ၂၅ ပြားပဲ။ ဆီတစ်ပိဿာမှ ၂ ကျပ် ၅၀ ပြားပဲ ပေးရတာလေ။  ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရတက်တဲ့အချိန်မှာ ဆန်တစ်ပြည် ၆၅ ပြားနဲ့ ရောင်းခဲ့တယ်။ အဲဒီတုန်းက လူတစ်ယောက် နေ့စားလုပ်အားခ  ၃ ကျပ်  ၁၅ ပြားလေ။ အခုအခြေ အနေနဲ့ အများကြီးကွာတာပေါ့။”

“ကုန်ပစ္စည်းဈေးနှုန်းဆိုတာက ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ ဝယ်လိုအားအပေါ်မူတည်တာလေ။ ထုတ်လုပ် မှုများပြီး ဝယ်လိုအားနည်းရင် ဈေးသက်သာတာပေါ့။ ထုတ်လုပ်မှုနည်းပြီး ဝယ်လိုအားများရင် ဈေးကြီး တာပေါ့။ အဲဒါကြောင့် နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံးထုတ်လုပ်မှုတိုးတက်ဖို့    တွန်းအားပေးတယ်။ လိုအပ်တာဖြည့်ဆည်းပေးတယ်။ အထူးသဖြင့် စားသုံးဆီနဲ့ ပတ်သက်လို့ပဲ။ စားအုန်းဆီကို နိုင်ငံတော်က နှစ်စဉ်တန်ချိန်  ၆ သိန်း  ၇ သိန်းတင်သွင်းနေရတယ်။ ဒီလိုတင်သွင်းတော့ နိုင်ငံခြားငွေ အများကြီးကုန် တယ်။ နိုင်ငံခြားငွေကုန်တာထက်  ဒီစားအုန်းဆီက စားတဲ့လူကိုအကျိုးပြုတာထက်  ဘေးထွက်ဆိုးကျိုး တွေလည်း ရှိတယ်။ ပြန်ပြီးဆန်းစစ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံက ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ မုန်ညင်း အများကြီးထွက်တယ်။ အဲဒီတော့ “နိုင်ငံတော်အကြီးအကဲရဲ့ စေတနာက ကိုယ့်နိုင်ငံကထွက်တဲ့ ဆီကောင်းကောင်းကို ကိုယ့်လူမျိုးတွေစားစေချင်တယ်။ အဲဒါကြောင့် စားအုန်းဆီ တင်သွင်းမှုကို တစ်ဖက်က လျှော့ချပြီး ဆီထွက်သီးနှံတိုးချဲ့စိုက်ဖို့ကို ကျွန်တော်တို့ ဝန်ကြီးဌာနကို တွန်းအားပေးဆောင်ရွက်ခဲ့တာပဲ။” အဲဒါကြောင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ဖို့၊ အသေးစိတ် အစီအစဉ်တွေ ရေးဆွဲဖို့ သင်္ကြန်ရုံးပိတ်ရက်တောင် မနားကြဘဲ ကျွန်တော်တို့ အစည်းအဝေးလုပ်ကြတာပါ။”

အစ်ကိုကြီး ဇာတ်ရည်လည်အောင် ကျွန်တော်ရှင်းပြလိုက်သည်။

“အေးထားပါတော့ကွာ။ မင်းတို့လည်း နားချင်မယ်ဆိုတာတော့ ငါနားလည်ပါတယ်။ အဲဒါပေမဲ့ ငါက မင်းနဲ့စကားပြောချင်လို့လာကာမှ မင်းနဲ့စကားကောင်းကောင်း မပြောရလို့ ပြောဖြစ်တာပါ။ ဒါနဲ့  တို့နိုင်ငံမှာ လူတစ်ယောက် တစ်နှစ်ကို ဆီဘယ်နှပိဿာလောက် စားသလဲ။ တို့ပြည်သူတွေ စားသုံးဆီ အမျိုးမျိုးရှိတဲ့အနက် ဘယ်ဆီကို အစားအများဆုံး၊ အကြိုက်ဆုံးဆိုတာ မင်းတို့ဝန်ကြီးဌာနက သုတေသန လုပ်ထားတာရှိသလား။”

အစ်ကိုကြီး စိတ်ဝင်စားတော့လည်း မေးလာသည့် သူ့မေးခွန်းများက အသေးစိတ်လှသည်။

“ရှိတာပေါ့ အစ်ကိုကြီးရယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ စတင်တာဝန်ယူတဲ့ ၂၀၂၁ ခုနှစ် ဇွန်လကစပြီး အဲဒီစားသုံးဆီ စားသုံးမှုစစ်တမ်းကို နေပြည်တော် ကောင်စီနယ်မြေမှာ ရှေ့ပြေးအနေနဲ့ ကောက်ယူခဲ့တာ။ ဒီစစ်တမ်းကို ကျွန်တော်တို့ဝန်ကြီးဌာနက စီမံကိန်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့စုပေါင်းပြီး ကောက်ယူခဲ့ကြတာ။ အစ်ကိုကြီးသိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာက  နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခု ရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း  ၁၃၀ ကျော်ရှိတယ်လေ။ နေထိုင်တဲ့အရပ်ဒေသကွဲပြားတာနဲ့ ဆီစားသုံးမှု ကွာခြားတယ်။ လူမျိုးရဲ့ ယဉ်ကျေးမှုဓလေ့နဲ့ စားသောက်မှုပုံစံကွဲပြားတာနဲ့အမျှ ဆီစား သုံးမှုကွာခြားတယ်လေ။ အဲဒီတော့ စစ်တမ်းကောက်ယူတာမှာ တိကျမှန်ကန်ဖို့လိုသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူတန်းစားအလွှာအသီးသီးနဲ့  အတတ်နိုင်ဆုံး ခြုံငုံမိဖို့လိုတယ်။  အဲဒါတွေ အားလုံးခြုံငုံ မိအောင်ဆောင်ရွက်ရတာပါ။”

“မင်းကတော့ စာရေးဆရာပီပီတယ်ပြီး အပြောကောင်းကွာ။ ထားပါတော့။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဘယ်လိုကောက်တယ်။ အိမ်ထောင်စုဘယ်လောက် ကောက်တယ်ဆိုတာ ပြောစမ်းပါဦး။”

“ကျွန်တော်တို့ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ကိုယ်စားပြုမြို့နယ်သတ်မှတ်တယ်။ မြို့နယ် တစ်ခုမှာ ကျေးလက်နဲ့ မြို့ပြဆိုပြီး ခွဲခြားတယ်။ ကျေးလက်မှာကို မြေပိုင်တဲ့ တောင်သူအိမ်ထောင်စုနဲ့ မြေယာမဲ့တဲ့ လက်လုပ်လက်စားအိမ်ထောင်စုခွဲပြီး ကောက်ယူပါတယ်။ မြို့ပြမှာတော့ ဝင်ငွေအနိမ့် အမြင့်နဲ့ အလုပ်အကိုင်ပုံစံအုပ်စုခွဲပြီး ကောက်တယ်။ ဆိုလိုတာက လက်လုပ်လက်စား၊ ဝန်ထမ်းမိသားစု၊ ကုန်သည်၊ ပွဲစားဆိုပြီး အလုပ်အကိုင်ပုံစံ အမျိုးမျိုးခွဲပြီး ကောက်တယ်။ ပြောရတာလွယ်သလောက် တကယ် အလုပ်လုပ်ရတော့ အတော်လေးခက်တယ်။”

“အေးပေါ့။ အလုပ်ဆိုတာ   တကယ်လုပ်ရင် တကယ်ခက်တာပေါ့။ အဲဒါနဲ့ မင်းတို့ ဘယ်မြို့တွေမှာ အိမ်ထောင်စု ဘယ်လောက်ကောက်ခဲ့သလဲ။”

“ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး  ၁၅ ခုကမြို့နယ် ၄၂ မြို့နယ်မှာရှိတဲ့ အိမ်ထောင်စု  ၃၉၄၅ စုကို ကောက်ခံခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ပြောရရင်တော့ နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေး နဲ့ တပ်ကုန်းမြို့နယ်မှာ အိမ်ထောင်စု  ၂၀၁ စု၊  ကချင်ပြည်နယ် ဝိုင်းမော်နဲ့မိုးညှင်းမှာ အိမ်ထောင်စု  ၁၉၇ စု၊ ကယားပြည်နယ် လွိုင်ကော်နဲ့ ဘော်လခဲမှာ အိမ်ထောင်စု ၁၉၈ စု၊ ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့မှာ အိမ်ထောင်စု  ၂၀၅ စု၊ ချင်းပြည်နယ်၊ ဟားခါးနဲ့မတူပီမြို့နယ်မှာ အိမ်ထောင်စု  ၁၀၄ စု၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း၊ မြင်းမူနဲ့ မုံရွာမြို့နယ်တွေမှာ အိမ်ထောင်စု ၂၉၉ စု၊ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းနဲ့ ပုလောမှာ အိမ်ထောင်စု  ၁၉၈ စု၊ ပဲခူးတိုင်းဒေသကြီး  တောင်ငူ၊  ပြည်နဲ့ ကြို့ပင်ကောက်မှာ  အိမ်ထောင်စု  ၃၀၁ စု၊ မကွေးတိုင်းဒေသကြီး  မကွေး၊  စလင်းနဲ့  သရက်မြို့နယ်မှာ အိမ်ထောင်စု  ၃၀၁ စု၊ မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကိုင်၊ သာစည်နဲ့ ကျောက်ပန်းတောင်းမြို့နယ်တွေမှာ အိမ်ထောင်စု  ၃၅၅ စု၊ မွန်ပြည်နယ် သထုံနဲ့ မုဒုံမြို့နယ်မှာ အိမ်ထောင်စု  ၂၀၀ စု၊ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ သံတွဲမြို့နယ်မှာ အိမ်ထောင်စု  ၂၀၂ စု၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်၊ ကော့မှူး၊ လှည်းကူး၊တိုက်ကြီးနဲ့ ထန်းတပင်မြို့နယ်တွေမှာ အိမ်ထောင်စု  ၄၅၂ စု၊ ရှမ်းပြည်နယ် ကလော၊ ဟိုပုံး၊ သီပေါနဲ့ ကျိုင်းတုံမြို့နယ်မှာ အိမ်ထောင်စု  ၃၈၆ စု နဲ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ဝါးခယ်မ၊ ဓနုဖြူနဲ့ ရေကြည်မြို့နယ်တွေမှာ အိမ်ထောင်စု   ၃၄၆ စု စုစုပေါင်း အိမ်ထောင်စု  ၃၉၄၅ စု ကောက်ယူနိုင်ခဲ့ပါတယ်။”

“အေးကွာ ဟုတ်ပါပြီ။ မင်းတို့ အသေးစိတ် သေသေချာချာလုပ်ထားတဲ့ သုတေသနကိစ္စကို ငါကမေးမိ တော့လည်း မင်းဖြေနိုင်တာပေါ့။ ထားပါတော့။ အဲဒီတော့ တို့နိုင်ငံက လူတွေတစ်ရက်ကို ဆီပျမ်းမျှ ဘယ်လောက်စားသလဲ။ ဘယ်ပြည်နယ်နဲ့ တိုင်းဒေသကြီးက အစားဆုံးလဲဆိုတာ  မင်းတို့ဝန်ကြီးဌာန ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ပြောစမ်းပါဦး။”

“ကျွန်တော်တို့ကောက်ယူတဲ့ စစ်တမ်းအရဆိုရင် လူတစ်ယောက် တစ်နေ့စားသုံးနှုန်းဟာ အနည်းဆုံး ၁ ကျပ်သားကနေ အများဆုံး ၁၀ ကျပ်သားအထိ စားသုံးတာတွေ့ရပါတယ်။ ပျမ်းမျှအနေနဲ့ကတော့ လူတစ်ဦးတစ်နေ့ ဆီ ၃ ကျပ်သား စားသုံးတာတွေ့ရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဆီစားသုံးမှုကို ပြန်ပြီးကြည့်ရင် စစ်ကိုင်းတိုင်းဒေသကြီးကအများဆုံးဖြစ်ပြီး လူတစ်ဦး တစ်နှစ်ကို  ၁၂ ဒသမ ၉၂ ပိဿာစားသုံးပြီး မန္တလေးတိုင်းဒေသကြီးက ၁၂ ဒသမ ၀၆ ပိဿာနဲ့  ဒုတိယလိုက်ပါတယ်။  မကွေးတိုင်းဒေသကြီးက ၁၁ ဒသမ ၄၈ ပိဿာ၊ နေပြည်တော်က ၁၀ ဒသမ ၈၂ ပိဿာနဲ့ချင်းပြည်နယ်က  ၁၀ ဒသမ၆၅ ပိဿာဖြစ်ပါတယ်။ အနည်းဆုံးပြည်နယ်နဲ့ တိုင်းတွေကတော့ ကချင်  ၆ ဒသမ ၇၁ ပိဿာ၊ မွန်ပြည်နယ်က ၆ ဒသမ ၈၅ ပိဿာ၊ ရခိုင်ပြည်နယ်က   ၆ ဒသမ ၃၅  ပိဿာနဲ့ ဆီစားအနည်းဆုံး ကတော့ တနင်္သာရီတိုင်းဒေသကြီးက ၆ ဒသမ ၀၇ ပိဿာဖြစ်ပါတယ်။”

“မင်းစာရင်းက စနစ်တကျကောက်ထားလို့သာယုံရမှာ။ စစ်ကိုင်း၊ မန္တလေး၊ မကွေးက ဆီစားများတာ တော့ ထားပါတော့။ ချင်းပြည်နယ်က  ဘာလို့ဒီလောက်များရသလဲ။ အဲနောက်ပြီးငါသိရသလောက် တပ်မတော်ရိက္ခာနှုန်းထားမှာတောင်  တို့တပ်မတော်သားတစ်ယောက်က တစ်ရက်မှ စားဆီ ၂ ကျပ် ၂၅ ပြားသာ ရတာမဟုတ်လား။ ဒါတောင် တပ်မတော်သားဆိုတာအလုပ်ကြမ်းလုပ်ရလွန်းလို့  ကုန်ဆုံးသွား တဲ့စွမ်းအင်လိုအပ်တဲ့  ကယ်လိုရီကိုဖြည့်ပေးဖို့ ဒီရိက္ခာနှုန်းထားကို တွက်ချက်ထားတာ။ အခု မင်းတို့ စစ်တမ်းအရဆိုရင် တို့ပြည်သူတွေက အလုပ်ကြမ်းလုပ်ရတဲ့ တပ်မတော်သားတွေထက်တောင် စားသုံး ဆီပိုပြီးစားနေသလိုပဲ။”

“ဟုတ်တာပေါ့ အစ်ကိုကြီး။ ဒါ့ကြောင့် ဆီများများစားရင် နှလုံးသွေးကြောကျဉ်းတာ၊ အသည်း အဆီဖုံး တာတွေ အများကြီးဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆီလျှော့ပြီး စားကြပါလို့ နိုင်ငံတော်အကြီးအကဲ       ပြောနေတာက ကျွန်တော်တို့  ပြည်သူတွေ အနာရောဂါကင်းစေချင်လို့၊ ကျန်းမာစေချင်လို့ပါ။”

“အေး ဟုတ်ပါပြီ။ အဲဒီတော့တို့ လက်ရှိလူဦးရေအတွက်ကို စားသုံးဆီဖူလုံအောင် ဘေးဥပဒ် အန္တရာယ်ကင်းတဲ့ ပြည်တွင်းထွက် စားသုံးဆီဖူလုံအောင်ထွက်ရှိဖို့ မင်းတို့ဝန်ကြီးဌာန ဘာလုပ်မလဲ။ ဘယ်လိုတွေ စီမံထားသလဲဆိုတာပြောစမ်းပါဦးကွာ။”

ကျွန်တော်နဲ့အစ်ကိုကြီး၏ စကားဝိုင်းက ယခုမှလိုရင်းကိုရောက်လာသည်။ ကျွန်တော်ပြောပြချင် နေသည့် ကျွန်တော်တို့ဝန်ကြီးဌာန၏ စားသုံးဆီဖူလုံရေးဆောင်ရွက်မည့် အစီအမံများအကြောင်း။

“တကယ်တမ်းပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်သူအများစုစားသုံးတဲ့ ဆီထွက်သီးနှံတွေကတော့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနဲ့ ဆီမုန်ညင်းတွေပါပဲ။  ဒါ့အပြင် ပဲပုပ်၊ ဝါစေ့ဆီနဲ့ ဖွဲနုဆီတွေကလည်း  စားသုံးလို့ကောင်းပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီးမှာလည်း ဆီအုန်းဧက ၄ သိန်းကျော် စိုက်ပျိုးထားပြီး  ဧက ၁  သိန်းခွဲကျော်က ဆီသီးခူးနေတာကြောင့် ဆီရရှိတာပါပဲ။”

“ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ အဓိကဆီထွက်သီးနှံဖြစ်တဲ့ မြေပဲဧက  ၃ ဒသမ ၁၆၄ သန်း၊ နှမ်း ၃ ဒသမ ၇၅၆ သန်း၊ နေကြာ  ၁ ဒသမ ၀၇၂  သန်း၊ ပန်းနှမ်း ၂၉၈၈၃၉ ဧကနဲ့ ဆီမုန်ညင်း  ၉၂၇၄၇ ဧက စိုက်ပျိုးတာကြောင့် စုစုပေါင်းဧက  ၈ ဒသမ ၃၈၆ သန်း စိုက်ပျိုးပြီး ရိတ်သိမ်းဧက  ၈ ဒသမ၂၈၄ ဧက ရှိခဲ့ပါတယ်။ အဲ့ဒီကနေ ဆီထွက်သီးနှံ တင်းပေါင်း ၂၃၈ ဒသမ ၇၂၃ သန်းထွက်ရှိခဲ့ပါတယ်။ ဒီနေရာမှာ  ၁ ဧက အထွက်နှုန်းအနေနဲ့ မြေပဲ  ၅၆ ဒသမ ၂၀ တင်းနှုန်း၊ နှမ်း  ၈ ဒသမ ၉၅ တင်းနှုန်း၊ နေကြာ   ၂၂ ဒသမ ၂၀ တင်းနှုန်း၊  ပန်းနှမ်း  ၁၀ ဒသမ ၆၉ တင်းနှုန်းနဲ့ ဆီမုန်ညင်း ၁၃ ဒသမ ၀၄ တင်းနှုန်းနဲ့  တွက်ချက်တာပါ။ အဲ့ဒီဆီထွက်သီးနှံငါးမျိုး၊ တင်း ၂၃၈ ဒသမ ၇၂သန်းထွက်ရှိရာမှာ မျိုးအလေအလွင့်၊ ပြည်ပတင်ပို့မှုနဲ့ အခြားသုံးတာနုတ်ပြီး ဆီကြိတ်ဖို့ကျန်တာက တင်းပေါင်း ၁၈၉ ဒသမ ၅၈၃ သန်း ကျန်ရှိပါတယ်။”

“အဲ့ဒီကျန်တဲ့တင်း  ၁၈၉ ဒသမ ၅၈၃ သန်းကို ဆီကြိတ်တဲ့အခါမှာ စားသုံးဆီပိဿာ ၅၂၀ ဒသမ ၁၃၅  သန်း ရရှိပါတယ်။ ကျွန်တော်တို့နိုင်ငံလက်ရှိလူဦးရေ  ၅၆ ဒသမ ၂၄၂ သန်းရှိပါတယ်။ လူတစ်ဦး တစ်နှစ်ခြောက်ပိဿာနှုန်းနဲ့စားလျှင် လူဦးရေ ၈၆ ဒသမ ၆၈၉ သန်းအတွက်  လုံလောက်ပါတယ်။ တစ်နေ့ လူတစ်ဦးပျမ်းမျှဆီ  ၃ ကျပ်သားနှုန်းနဲ့စားရင် တစ်နှစ်ကိုအကြမ်းဖျင်း  ကိုးပိဿာကုန်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ကိုးပိဿာနှုန်းနဲ့စားရင်တောင် လူဦးရေ ၅၇ ဒသမ ၇၉၂ သန်း အတွက် လုံလောက်ပါတယ်။”

“မင်းဟာက တွက်ရေးတော့ စက်သူဌေးပေါ့ကွာ။ အဲဒါပေမဲ့ အဲ့ဒီလိုလုံလောက်တယ်ဆိုရင် ဘာကြောင့် တို့နိုင်ငံနိုင်ငံခြားကဆီတွေတင်သွင်းနေရသလဲ။ လက်ရှိတင်သွင်းနေရတာကို မင်းအသိပဲလေ။”

ကျွန်တော်ပြီးခဲ့တဲ့နှစ်က စားသုံးဆီသီးနှံစိုက်ပျိုးမှုကို အချက်အလက်နဲ့တကွ ရှင်းပြသော်လည်း ပကတိ ဖြစ်ပျက်နေတဲ့  အခြေအနေပေါ်မူတည်ပြီး အစ်ကိုကြီးက ထောက်ပြလာခြင်း ဖြစ်သည်။

“မှန်ပါတယ်  အစ်ကိုကြီး။  တစ်ဖက်က ဘယ်လောက်ပဲ ပိုလျှံနေပါစေ  လူ့ရဲ့အကြိုက်ဆိုတာလည်း  ရှိပါ သေးတယ်။  လူတွေက နိုင်ငံခြားကတင်သွင်းမှ ကြိုက်တယ်။ အင်္ဂလိပ်စာလုံးဖြစ်ဖြစ်၊ ကိုယ်နားမလည် တဲ့ဘာသာတရုတ်၊ ကုလား၊ ကိုရီးယား၊ ထိုင်း ဘယ်ဘာသာနဲ့ ဖြစ်ဖြစ်ရေးထားရင် အထင်ကြီးတယ်။ ဝယ်ကြတယ်။ အဲ့ဒါတွေကို သိချင်လို့ ၂၀၂၁ခုနှစ်က  ကျွန်တော်စားသုံးဆီ စစ်တမ်းကောက်ယူခဲ့တဲ့ တစ်ပြည်လုံးက အိမ်ထောင်စု ၃၉၄၅ စုရဲ့ အကြိုက်နဲ့ စားသုံးမှုကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲ့ဒီမှာ ပြည်ပတင်သွင်းတဲ့ ဟင်းသီးဟင်းရွက်ဆီက ၂၉ ဒသမ  ၃၆  ရာခိုင်နှုန်းနဲ့ အကြိုက်ဆုံးဖြစ်နေပြီး ကျွန်တော်တို့ မြေပဲဆီက   ၂၆ ဒသမ ၃၆  ရာခိုင်နှုန်း၊ စပ်ဆီက ၁၃ ဒသမ ၀၈  ရာခိုင်နှုန်း၊ စားအုန်းဆီက   ၁၂ ဒသမ ၅၀ ရာခိုင်နှုန်းနဲ့နှမ်းဆီက  ၇ ဒသမ ၉၁  ရာခိုင်နှုန်းသာ ကြိုက်ကြ၊ စားသုံးကြကြောင်း တွေ့ရှိရ ပါတယ်။”

“ဒီနေရာမှာ ကျွန်တော်တစ်ခါတည်းပြောချင်တာက မြေပဲဆီက ဈေးအကြီးဆုံးဖြစ်ပြီး စားအုန်းဆီက  ဈေးအသက်သာဆုံးဖြစ်နေတာကြောင့် အခြေခံလူတန်းစားအများစုက စားအုန်းဆီစားကြတာကြောင့် စားအုန်းဆီကို နိုင်ငံခြားကတင်သွင်းရတာပါ။ အရောအနှောဆီ၊ စပ်ဆီကတော့ မြေပဲဆီ၊ နှမ်းဆီနဲ့  စားအုန်းဆီရောထားတာပါ။ စပ်ဆီထဲကို မြေပဲဆီနံ့ထည့်ထားပြီး ဈေးနှုန်းသက်သာတာကြောင့် ပြည်သူ လူထုစားသုံးကြတာပါ။”

“ဒီလိုဆိုရင် ဈေးနှုန်းသင့်တင့်ပြီး ပြည်သူလူထုအတွက် အာဟာရဖြစ်မယ့် စားအုန်းဆီလုံလုံလောက် လောက်ထုတ်လုပ်နိုင်အောင် မင်းတို့ဘာလုပ်မလဲ။”

အစ်ကိုကြီးက ဒဲ့ကြီးမေးလာခြင်းဖြစ်သည်။

“ဒီအတွက်ကြောင့် နိုင်ငံတော်အကြီးအကဲက ကျွန်တော်တို့   စိုက်ပျိုးရေး၊  မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက  ဆီထွက်သီးနှံတွေ တိုးချဲ့ပြီးစိုက်၊ စက်မှုဝန်ကြီးဌာနက ထွက်ရှိလာတဲ့ ဆီထွက်သီးနှံတွေ ကို အရည်အသွေးပြည့်ဝတဲ့ စားသုံးဆီတွေထွက်ရှိအောင် အရည်အသွေးမြင့်တဲ့  ဆီစက်တွေနဲ့ ကြိတ်ခွဲ ထုတ်လုပ်ပေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနက ဘေးအန္တရာယ် ကင်းရှင်းတဲ့ စားသုံးဆီ ပြည်သူတွေစားသုံးနိုင်ဖို့ စီမံဆောင်ရွက်ကြီးကြပ်ပေးဖို့      လမ်းညွှန် ထားတယ်လေ အစ်ကိုကြီးရ။ အဲ့ဒါကြောင့် ပထမဆုံး အဓိကလုပ်ရမယ့် ကျွန်တော်တို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြည်သူတွေအတွက် “စားသုံးဆီဖူလုံဖို့   ဆီထွက် သီးနှံတိုးစိုက်စို့” ကို သင်္ကြန်ရုံးပိတ်ရက်မှာ အစည်းအဝေးလုပ်တာပေါ့ အစ်ကိုကြီးရ။”

“ကလင် ကလင် ကလင်”

ကျွန်တော့်စကားဝိုင်းမဆုံးခင်  အရေးကြီးဖုန်းဝင်လာ၍ ကျွန်တော်အစ်ကိုကြီးဘေးမှထ၍ ဖုန်းကိုင်လိုက် ရပါသည်။    ။

မောင်အောင်