ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၌  ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်)နှင့် ဒွါဒသမတန်း လူရည်ချွန်စခန်း (ချောင်းသာ) ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၂၈ ရက်

                ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်)ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူရည်ချွန်မောင်မယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

                ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်းလူရည်ချွန်စခန်း (ငွေဆောင်)မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။  ထို့နောက် လူရည်ချွန်မောင်မယ်များမှ မြန်မာ့ကျောင်း သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် လူရည်ချွန်စခန်း(ငွေဆောင်)စခန်းမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးက လူရည်ချွန် စခန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

                ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များကို   ရင်ထိုးတံဆိပ်များအား တစ်ဦးချင်း ဂုဏ်ပြုချီးမြှင့်အပ် နှင်းသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ/ဆရာမများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး လူရည်ချွန် စခန်း(ငွေဆောင်)စခန်းမှူးနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများထံသို့ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

                ယင်းနောက် ရှောက်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများက ကရင်ဒုံးယိမ်းအကဖြင့် ဖျော်ဖြေကြကာ လူရည်ချွန် မောင်မယ်များက ဇာတိမာန်သီချင်းဖြင့်  ဂုဏ်ပြုသီဆိုကြသည်။ ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် လူရည်ချွန်မောင်မယ်များနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ကာ လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

                အလားတူ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ ဒွါဒသမတန်း လူရည်ချွန် အပန်းဖြေစခန်းဖွင့်ပွဲကို အဇူရာ ဟိုတယ်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ၂၀၂၄ ခုနှစ်၊ ဒွါဒသမတန်း လူရည်ချွန် စခန်း (ချောင်းသာ)စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

                ဦးစွာ လူရည်ချွန်မောင်မယ်များက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆို ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူရည်ချွန်စခန်း (ငွေဆောင်)စခန်းမှူးက လူရည်ချွန် စခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များကို    ရင်ထိုးတံဆိပ်များအား တစ်ဦးချင်း ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူရည်ချွန် မောင်မယ်များနှင့် ကြီးကြပ်ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ သည်။

                ထို့နောက် လူရည်ချွန်စခန်း(ချောင်းသာ) စခန်းမှူးနှင့် လူရည်ချွန်ကြီးများက တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများထံသို့ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကာ ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “မမပုသိမ်သူ” သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး လူရည်ချွန်မောင်မယ် များက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။

                ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် လူရည်ချွန် မောင်မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ လူရည်ချွန် မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး နေ့လည်စာအတူ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။