မန္တလေးဘူတာကြီးအနီး၌ လျှပ်စစ်သုံးယာဉ်အားသွင်းရုံ (EV Charging Station) ဖွင့်လှစ်

မန္တလေးဘူတာကြီးအနီး၌ လျှပ်စစ်သုံးယာဉ်အားသွင်းရုံ (EV Charging Station) ဖွင့်လှစ်

မန္တလေး၊ ဒေသဖွံ့ဖြိုးရေး

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကဉ္စဏမဟီရပ်ကွက်လမ်း ၃၀ နှင့် ၇၉ လမ်းထောင့် မန္တလေးဘူတာကြီးအနီး၌ လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်အားသွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၇ ရက်နံနက် ပိုင်းတွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်စနစ်   ပေါ်ပေါက်ရေးအတွက် မန္တလေးမြို့တွင် Pilot Project များဆောင်ရွက်ရန် ခုနစ်နေရာလျာထားပြီး မန္တလေးဘူတာကြီးအနီး၌ ဖွင့်လှစ်သည့် EV Charging Station သည် ခြောက်ခု မြောက်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မန္တလေးမြို့၌ EV Taxi၊ EV မော်တော်ယာဉ် များ အသုံးပြုမှုနှင့် E-Bus များပြေးဆွဲရန် စီစဉ်ဆောင်ရွက်မှုများကို ပြောကြားပြီး MG-Myanmar မှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်အား သွင်းရုံတည်ဆောက်ဖွင့်လှစ်မှုကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လျှပ်စစ်သုံးယာဉ် ဓာတ်အားသွင်းရုံဖွင့်ပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ်နှိပ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လျှပ်စစ်သုံးယာဉ်များ လျှပ်စစ်ဓာတ်အားသွင်းနေမှုကို ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။  

မောင်ပြည်သူ(မန္တလေး)