ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မ ဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေး နေမှုအခြေအနေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်   ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်၍ နိုင်ငံအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက်  လိုအပ်သော သံနှင့်သံမဏိများ ထုတ်လုပ်နိုင်ရေး အတွက်  လိုအပ်လျက်ရှိသော  လျှပ်စစ်ဓာတ်အားအမြန်ရရှိနိုင်ရေး ပြင်ဆင်ဆောင် ရွက်နေမှုများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် များကိုလည်း  ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊  လုပ်ငန်းများဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့်လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ Gas Turbine ပြင်ဆင်နိုင်ရန် စက်ပစ္စည်းများရောက်ရှိမှု၊ လျှပ်စစ်ဓာတ်အားရရှိရေးခွဲရုံများ တိုးချဲ့ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လှည့်လည် ကြည့်ရှု စစ်ဆေး၍  တာဝန် ရှိသူများကို လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီး မြို့ရှိ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တောင်ကြီးပင်မ ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက ဘတ်ဂျက်ပါလုပ်ငန်းများ   သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း     ပြီးစီးအောင် တွန်းအားပေး ဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံးအရန်ပစ္စည်းများအား ကြိုတင် စုဆောင်းထားရန်နှင့် ဌာနပိုင်မြေများတွင် ကျူးကျော်ဝင်ရောက်မှု မရှိစေရေးဆောင်ရွက်သွားရန် မှာကြားပြီး ဝန်ထမ်းများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေများ ပေးအပ် သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၁၃၂ ကေဗွီ နမ့်စန်-တောင်ကြီး ဓာတ်အားလိုင်းစီမံကိန်း၏ တာဝါတိုင်အမှတ် (၂၄၉) နှင့် (၂၅၀) တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တောင်ကြီးပင်မဓာတ်အားခွဲရုံ Switch Bay တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေမှု အခြေအနေများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိ ဓာတ်အားထုတ်လုပ်နေမှုကို တိုးတက် မထုတ်လုပ်နိုင်သေးမီကာလ မြို့နယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မြို့နယ်များအတွင်း ဓာတ်အားခ ကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးမှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)