ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် စာသင်ကျောင်းများပိတ်

 

ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် စာသင်ကျောင်းများပိတ်

 

    ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်ကဲမှုကြောင့် စာသင်ကျောင်းများကို  နှစ်ရက်ပိတ်ရန် ပညာရေးဝန်ကြီးဌာနက ဧပြီလ ၂၈ ရက် တွင် ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့်  သီတင်းပတ်များအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်လွန်စွာ မြင့်တက်လာခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်း ထောင်ပေါင်းများစွာကို ပိတ်ရန်အကြောင်းဖန်လာခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံအတွင်းရှိ စာသင်ကျောင်းအများစု၌  လေအေးပေးစက်မရှိသောကြောင့် ကျောင်းသားများမှာ ချွေးသံ တရွှဲရွှဲဖြင့် စာသင်ရသည့်အတွက် အဆင် မပြေမှုများလည်းရှိသည်။

တစ်ချိန်တည်းမှာပင်  နိုင်ငံတစ်ဝန်း၌ ဂျစ်ကားမောင်းသူများက သပိတ်မှောက် မှုများ လုပ်ဆောင်ရန်  စီစဉ်ထားသော ကြောင့် ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်ကို စာသင်ကျောင်းများပိတ်ပြီး အဝေးသင်စနစ်ဖြင့် သင်ကြားရန် ညွှန်ကြားရခြင်းဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်အစိုးရက နိုင်ငံအတွင်းမီးခိုးငွေ့ များစွာထွက်ရှိစေသည့် မော်တော်ကားများမောင်းနှင်မှုကို တဖြည်းဖြည်းလျှော့ချရန် စီစဉ်လာမှုအပေါ် နေ့စဉ်အလုပ်နှင့်ကျောင်းများသို့ ထိုသို့သောကားများဖြင့် သွားလာနေရသည့် ယာဉ်မောင်းများက နိုင်ငံတစ်ဝန်း၌သုံးရက်ကြာ သပိတ်မှောက်မှု လုပ်ဆောင်ရန် စီစဉ်လာခြင်းဖြစ်သည်။

ဧပြီလ ၂၇ ရက်တွင် မနီလာမြို့၌ အပူချိန်သည် ၃၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်သာ ရှိသော်လည်း   အပူအညွှန်းကိန်းမှာ  ၄၅ ဒီဂရီစင်တီဂရိတ်အထိ  မြင့်တက်လျက်ရှိသည်။

အပူအညွှန်းကိန်းဆိုသည်မှာ တကယ်တမ်းခံစားရသည့် အပူချိန်ကိုဆိုလိုခြင်းဖြစ်ပြီး ၎င်းထဲတွင် လေထုအတွင်း စိုထိုင်းဆကိုပါ ထည့်သွင်းတွက်ချက်ခြင်းဖြစ်သည်။

ယခုနွေရာသီသည်   ကြုံဖူးသမျှသော နွေရာသီများတွင်   အပူဆုံးဖြစ်ကြောင်း ကြိုတင်ရက်ချိန်း ယူသူများနှင့်ပြည့်နေသည့် အပန်းဖြေစခန်းပိုင်ရှင် တစ်ဦးကပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၌ မတ်လ၊ ဧပြီလနှင့်မေလသည်  ပုံမှန်အားဖြင့် အပူဆုံးလများ ဖြစ်သော်လည်း ယခုနှစ်တွင်မူ အယ်နီညိုရာသီ ဥတုကြောင့် အပူချိန်ပိုမို မြင့်တက်နေရခြင်း ဖြစ်ကြောင်း သိရသည်။