အမေရိကန်က သမ္မတစီးမည့် လေယာဉ်အသစ်တစ်စင်း ထပ်မံတည်ဆောက်မည်

 

အမေရိကန်က သမ္မတစီးမည့် လေယာဉ်အသစ်တစ်စင်း ထပ်မံတည်ဆောက်မည်

 

    အမေရိကန်နိုင်ငံက  သမ္မတစီးမည့် လေယာဉ်အသစ် တစ်စင်းကို ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်းနှင့် ထိုလေယာဉ်သည် တန်ဖိုးအားဖြင့် ဒေါ်လာ ၁၃ ဘီလီယံတန်ဖိုးရှိမည်ဖြစ်ကြောင်း လေတပ်က ထုတ်ပြန်ထားသည်။

နျူကလီးယားစစ်ပွဲ ဖြစ်ပွားသည့်အခါ သို့မဟုတ် အလွန်ကြီးမားသည့် ဘေးဆိုးကျရောက်သည့် အခါမျိုးတို့တွင် မြေပြင်ပေါ်ရှိ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစခန်းများ ပျက်စီးသွားသည့်အခါ သမ္မတအနေဖြင့် ဝေဟင်ပေါ်မှနေ၍ ဆက်လက် ကွပ်ကဲနိုင်စေရန်ရည်ရွယ်၍ လေယာဉ်အသစ်တစ်စင်းကို ထပ်မံတည်ဆောက်ခြင်း ဖြစ်သည်။

ထိုလေယာဉ်ကို ရှင်သန်နိုင်စွမ်းရှိသော ဝေဟင်စစ်ဆင်ရေးဌာန(SAOC)ဟု အမည်ပေးထားပြီး ဆီယာရာနီဗာဒါး ကော်ပိုရေးရှင်းက တည်ဆောက် ပေးသွားမည်ဖြစ်သည်။

အဆိုပါလေယာဉ် တည်ဆောက်မှုကို ကော်လိုရာဒိုရှိ ကော်ပိုရေးရှင်း၏ စက်ရုံတွင်သာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၂၀၃၆ ခုနှစ်တွင် လေယာဉ်ကို အပြီးသတ် အပ်နှံရမည်ဖြစ်သည်။

ယင်းစီမံကိန်းကို စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်မှ ခွဲထွက်ထားသည့် ပုံစံအပေါ်အခြေခံထားပြီး ပင်တဂွန်စစ်ဌာနချုပ်၏ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရန် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါ SAOC သည် အမေရိကန်လေတပ်က လက်ရှိအသုံးပြုနေသည့် အမျိုးသား ဝေဟင်စစ်ဆင်ရေးဌာန သို့မဟုတ် သက်တမ်းရင့်နေပြီဖြစ်သော E-4B Nightwatch နေရာတွင်အစားထိုး နေရာယူမည်ဖြစ်သည်။

လက်ရှိအသုံးပြုနေသော  E-4B များသည် Boeing 747  လေယာဉ်အပေါ်တွင် အခြေခံ တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်အလွန် ကာလများတွင် စတင်အသုံးပြုခဲ့သည့် ထိုလေယာဉ်များသည် ၂၀၃၀ ပြည့်နှစ် အလွန်ကာလ အစောပိုင်းတွင် အနားယူမည်ဖြစ်သည်။

အမေရိကန်လေတပ်သည် လက်ရှိတွင် E-4B လေယာဉ်လေးစင်းကို အသုံးပြုလျက်ရှိပြီး ထိုလေယာဉ်များသည် အဆင့်မြင့် ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်ထားသည့်အပြင် ဝေဟင်ဆီဖြည့်ခြင်းကိုလည်း လုပ်ဆောင်နိုင်ကာ နျူကလီးယား ပေါက်ကွဲမှုများနှင့် လျှပ်စစ်သံလိုက်လှိုင်း သက်ရောက်မှုများကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။