ကွမ်ကျိုးမြို့၌ ပြင်းထန်သော လေဆင်နှာမောင်းတိုက်မှုကြောင့် လူငါးဦးသေဆုံး

 

ကွမ်ကျိုးမြို့၌ ပြင်းထန်သော လေဆင်နှာမောင်းတိုက်မှုကြောင့် လူငါးဦးသေဆုံး

 

    တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ဧပြီလ ၂၇ ရက်တွင် ပြင်းထန်သော လေဆင်နှာမောင်းတိုက်မှုကြောင့် အနည်းဆုံး လူငါးဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရှရိကြောင်း သိရသည်။

    အဆိုပါလေဆင်နှာမောင်း၏ ပြင်းအားသည် အဆင့်ငါးဆင့်ရှိသည့်အနက် အဆင့် သုံးရှိကြောင်းနှင့်  ပျက်စီးဆုံးရှုံးမှုများကိုလည်း တွက်ချက်စစ်ဆေးလျက် ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စက်ရုံအဆောက်အအုံ ၁၄၁ ခု ပျက်စီးမှုရှိကြောင်းနှင့် လေဆင်နှာမောင်း၏ တိုက်ခတ်မှုနှုန်းသည် ညနေ ၃ နာရီဝန်းကျင်၌ တစ်စက္ကန့်လျှင် ၂၀ ဒသမ ၆ မီတာနှုန်းရှိကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကွမ်တုံပြည် နယ်တစ်ဝန်း၌ စံချိန်တင် ရေလွှမ်းမိုးမှုများဖြစ်ပွားသောကြောင့် အနည်းဆုံး လူလေးဦးသေဆုံးပြီး မြို့အများအပြားမှ လူဦးရေထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရသည်။

ဧပြီလ ၂၇ ရက်အစောပိုင်းကလည်း ကွမ်ကျိုးမြို့၌ မိုးသက်မုန်တိုင်း တိုက်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မိုးသီးများကျခြင်း တို့ဖြစ်ပွားသည်။ ကြက်ဥတစ်လုံးအရွယ်ခန့်ရှိသော မိုးသီးများကြောင့် ကားများနှင့် ပြတင်းပေါက်များ ပျက်စီးမှုများရှိသည်။

ကွမ်ကျိုးမြို့၌ ဧပြီလ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ရရှိသောမိုးရေချိန်သည် ၄၅၅ ဒသမ ၈ မီလီမီတာရှိသည့်အတွက် ၁၉၅၁ ခုနှစ်နောက်ပိုင်း ဧပြီလအတွင်း အမြင့်ဆုံး မိုးရေချိန်ဖြစ်ကြောင်း သိရသည်။