နယူးကာဆယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရှက်ဖီးလ်ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ တန်းဆင်းခဲ့ရ

 

နယူးကာဆယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရှက်ဖီးလ်ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ တန်းဆင်းခဲ့ရ

 

   ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)အဖြစ် ကစားသည့် နယူးကာဆယ်အသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ရှက်ဖီးလ်ယူနိုက်တက် အသင်းက ၅ ဂိုး-  ၁  ဂိုးဖြင့်  ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်  ယခုဘောလုံးရာသီ   ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ  ပထမဆုံး တန်းဆင်းခဲ့ရသည့် အသင်းအဖြစ်   မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရှက်ဖီးလ်ယူနိုက်တက် အသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ  အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့်(၂)နေရာ၌ ရပ်တည်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့    တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှ   တစ်ရာသီအကြာတွင်ပင် အင်္ဂလန်ချန်ပီယံရှစ်သို့ ပြန်လည်တန်းဆင်း ခဲ့ရခြင်းဖြစ်သည်။

ရှက်ဖီးလ်ယူနိုက်တက် အသင်းသည် ယခုဘောလုံးရာသီ အစကတည်းက ရလဒ်များ ဆက်တိုက်ဆိုးရွားနေသည့်အတွက်  အသင်းကို  ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဟတ်ကင်ဘော်လ်တန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဝါရင့်နည်းပြဟောင်း တစ်ဦးဖြစ်သည့် ခရစ်ဝှိုင်ဒါကို ပြန်လည်ခန့်အပ်ခဲ့သည်။

သို့သော်  ရှက်ဖီးလ်ယူနိုက်တက် အသင်းသည် နည်းပြ  ခရစ်ဝှိုင်ဒါ လက်အောက်တွင်လည်း ရလဒ်ကောင်းများ ရရှိအောင်    စွမ်းဆောင်နိုင်ခြင်းမရှိဘဲ နယူးကာဆယ်အသင်းကို  ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ ပထမဆုံးတန်းဆင်း ခဲ့ရသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခုဘောလုံးရာသီတွင်  ရှက်ဖီးလ်ယူနိုက်တက် အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲကစားပြီးချိန်တွင်  သုံးပွဲသာနိုင်ပွဲရယူနိုင်ခဲ့ပြီး  ခုနစ်ပွဲသရေနှင့် ၂၅ ပွဲအထိရှုံးနိမ့်ကာ ရမှတ် ၁၆ မှတ်သာရရှိခဲ့သည့်အတွက် အမှတ်ပေးဇယား အဆင့်(၁၇)နေရာမှ နော်တင်ဟမ်အသင်းနှင့် ရမှတ် ၁၀ မှတ်အထိ ကွာဟနေပြီး ပွဲကစားရန်မှာလည်း သုံးပွဲသာ ကျန်ရှိတော့သည့်အတွက် ပြိုင်ပွဲမပြီးဆုံးမီ တန်းဆင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။