နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်  ဧပြီ  ၂၉

    ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်  ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပိုက်ကျော်ခြင်း အားကစား နည်းကို ပြည်သူများ စိတ်ပါဝင်စားလာအောင် သင်တန်းများ၊ ပြိုင်ပွဲများ များစွာပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ နေပြည်တော်ကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းသည် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင်  အောင်မြင်မှုများ ရရှိခဲ့ပြီး နေပြည်တော်၏ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် အားကစားနည်းလည်း ဖြစ်ကြောင်း၊ ပိုက်ကျော်ခြင်း အားကစားနည်းသည် နည်းစနစ်ကို အခြေခံပြီး  တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ပြည့်ဝရန်လိုသည့်အပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှနှင့်ယှဉ်ပြိုင် ကစားရသည့် အားကစားနည်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် မိမိတို့အသင်း အနိုင်ရရှိစေရန် အနိုင်မခံ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ် အပြည့် အဝဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများ အနေဖြင့်လည်း ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ  ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြရန် လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားပြီး ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား  မြို့နယ်ပေါင်းစုံ  အသက် ၂၅ နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် ၂၅ နှစ်အောက်  အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဇေယျာသီရိမြို့နယ် အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဧပြီလ ၂၉ ရက်မှ မေလ ၃ ရက်အထိ ပြည်ထောင်စုနယ်မြေ  နေပြည်တော် အားကစားရုံ၌  ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ   ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။