အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

ကိုလတ်က ငြိမ်သက်သောအမူအရာနှင့် ထုံးစံ အတိုင်း ညင်သာစွာပြုံးလျက်...

“အောင် ကိုယ့်အသက်ကို ဘယ်လောက်ရှိပြီ ထင်လို့လဲ”

“ဘယ်သိမလဲ”

“မှန်းကြည့်လေ”

“မမှန်းတတ်ပါဘူး”

“မှန်းပါ၊ ဘယ်လောက်ဖြစ်ဖြစ်ပေါ့”

ကိုလတ်က အလျှော့ပေးတော့မှာမဟုတ်တာကို သိသဖြင့် အောင်က အသက် ၂၈ နှစ်လောက်ရှိရော ပေါ့ဟုမှန်း၏။

“ ၂၅ နှစ်”

“ဟင်၊ ကိုလတ်က အဲလောက်ပဲရှိသေးလား၊ ဟုတ် ကောဟုတ်လို့လား”

“ဟုတ်ပါတယ် အောင်ရဲ့၊ ကိုယ်က ရုပ်ရင့်နေလို့လား”

“ရုပ်ရင့်တာလည်း မဟုတ်ပါဘူး တစ်မျိုးပဲ၊ လူကြီး နဲ့တူလို့၊ ကိုလတ်ကို ကျွန်တော့်ထက် အသက်ငါးနှစ် လောက်ကြီးမယ်ထင်တာ ဘွဲ့ရပြီး အလုပ်ကလည်း လုပ်နေတာကိုး”

ဒေဝက...

“ကိုလတ်က  ၁၆ နှစ်နဲ့  ကောလိပ်ရောက်တယ်၊ ၂၆ နှစ်ကျမှ ကောလိပ်ရောက်တာက ဟိုကောင်”

ဗလကို မေးငေါ့ပြလေသည်။

ဗလက အသက် ၃၀ ကျော်ပြီတဲ့။

ဗလကိုယ် သေးသေးလေးကိုကြည့်ပြီး အားလုံးက ဟားကြသည်။

ထို့နောက် ဗလကို “ဘိုးဘိုးဗလ” လို့ ခေါ်ကြသည်။

ဒေဝက ၂၈ နှစ်၊ ကိုအောင်က ၂၆ နှစ်၊ သူတို့ထဲ က ကိုလတ်က အငယ်ဆုံးပဲတဲ့။

“အငယ်ဆုံးကလည်း အကြီးဆုံးကျနေတာပဲ၊ ဗိုလ်ကျနေလိုက်တာ” ဟု အောင်က မကျေမနပ်နှင့် ပြောနေသေးသည်။

အခန်း (၄၀)

အောင်သည် အလုပ်ကို ခပ်သွက်သွက်ပင် တရစပ် လုပ်သွားသည်။

အောင့်ကြည့်ရတာ အိမ်ရှင်မကောင်းဖြစ်မယ့်ရုပ် မျိုး မဟုတ်ဘူးတဲ့။

ဆတ်ကော့ လတ်ကော့နှင့် အပြင်ကိုထွက်လည် ချင် လည်သည်၊ မလည်ချင်လျှင်လည်း အဝတ်ဟောင်း တွေ တောင်ပုံရာပုံထားလျက် အိုးခွက်ပန်းကန်တွေ မဆေးသေးဘဲ သည်အတိုင်းပစ်ထားကာ အိပ်ရာထဲ စာဖတ်ချင်ဖတ်နေမည်။

အိပ်ချင် အိပ်နေမည်တဲ့။

ကိုအောင်က    မှန်းဆပြောတော့    အားလုံးက ဝိုင်းထောက်ခံသည်။

“အထင်သေးလှချည်လား” အောင်က မျက်နှာထား တည်လျက်ပြောသည်။

“ခုတော့လည်း ငါတို့နှမလေးက တော်ရှာသားပဲ”

ဒေဝက ချီးကျူးတာကို အောင်က အငိုက်မိတော့ မည့်ဆဲဆဲ...

“ဟိုနားက ငါးဖယ်ကြော်လေး တစ်တုံးလောက်” ဟု တောင်းလိုက်တော့ အောင်က ငါးဖယ်ကြော်တစ် တုံးစီဝေပေးပြီး ငါးဖယ်ကြော်ပန်းကန်ကို ကပျာကယာ ကြောင်အိမ်ထဲ ထည့်လိုက်ရသည်။

သူ့ပါးစပ်ထဲလည်း ငါးဖယ်ကြော် ကပျာကယာ ကောက်ထည့်သော အောင်ကို ဗလက...

“ဟင်၊ ဒီအိမ်ရှင်မက ဘယ်လိုဟာလဲ”

အောင်က သူ့ဘာသာသူ သဘောကျပြီး တသော သောရယ်မောနေသည်။

ဆန်းဆန်းမြင့်က ကြက်သွန်တွေအခွံသင်နေရာမှ “အောင်လား၊ သူဟင်းချက်ရင် ဒီလိုပဲ၊ သူ့ပါးစပ်ထဲ မြည်းတာက တစ်ဝက်၊ စားရတာက တစ်ဝက်” ပြော ရင်း ရယ်နေသည်။

“ကိုလတ်ရယ်၊ ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့” ဗလက လှမ်းပြောလိုက်သည်။

ကိုလတ်က သမံတလင်းပေါ်မှ သစ်သားပေါင်ပေါ် ထိုင်ကာ ဆေးလိပ်တစ်လိပ်ကို ဇိမ်ခံသောက်ရင်း အောင်လုပ်တာကိုင်တာကို ငေး၍ ကြည့်နေသည်။

ကိုအောင်ကတော့ ထုံးစံအတိုင်း သူလွယ်ထားသော လွယ်အိတ်တွင် ဘာတွေပါသလဲတော့ မသိ၊ မချဘဲ ကြောင်အိမ်နားကခုံပေါ်မှာ ကျကျနနထိုင်ပြီး ဂါးဒီး ယန်းသတင်းစာထဲကဆောင်းပါးကို ဖတ်နေလေရဲ့။

ဗလကလည်း အာလူးထိုင်ဖုတ်ရင်း သင်ပြီးသား ငါးကျည်းနှင့် ငါးခူတွေ ကောက်စားလိုက်၊ ဘဲဥပြုတ် လှီးပြီးသားတွေစားလိုက်နှင့် သူ့ရှေ့မှစားစရာတွေ မနည်းသိမ်းရသည်။

“ဒေဝတစ်ယောက်ပဲ ကူလုပ်ဖော်ရတယ်၊ လိမ္မာ တယ်၊ မိန်းမချောချော အလိမ္မာလေးရပါစေ”

အောင်က ဆုတောင်းပေးနေသည်။

ကြက်သွန်ခိုးမွှန်၍ကျလာသော မျက်ရည်တွေကို သူ့ပုဆိုးနှင့်သုတ်ရင်း တဟင်းဟင်းနှင့်ငိုရင်း အသံတုန် တုန်နှင့်...

“မှာလိုက်ပါရစေနော်၊ ငါ့ရဲ့ပတ်ကားအတု ဖောင် တိန်လေးကို ဗလမယူစေနဲ့လို့၊ သိင်္ဂီနွယ်ကို ဆက်ဆက် အမှတ်တရပေးလိုက်နော်။ ဘုန်းကြီးကို ဒံပေါက်ဆွမ်း ကျွေးပြီး အီကလယ်မုန့်အချိုတည်းပါလို့၊ ကုန်သမျှ ပိုက်ဆံတွေကို ကိုလတ်ရယ်၊ ကိုအောင်ရယ် မျှခံကြ လိမ့်မယ်၊ ကိုအောင့်အိမ် ခုတင်ခြေရင်းမှာ လှန်းထားတဲ့ မီးလောင်ပေါက် ၁၀၀ ကျော်နဲ့ ချဉ်စုတ်ဟောင် ပုဆိုး လေးတော့ ငါ့နှမတို့ မနှမြောကြပါနဲ့၊ ဒေဝကို အမွေ ပေးလိုက်ကြပါ၊ ဒေဝတို့ သမဝါယမက ပုဆိုး မရတာ ကြာပြီတဲ့”

အောင်၊ ချောစုနှင့် ဆန်းဆန်းမြင့်တို့ ဒေဝ၏အမူ အရာဟန်ပန်ကိုကြည့်ပြီး တသောသောရယ်မောကြ လေသည်။

ဆက်လက်ဖော်ပြပါမည်။