ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်)

    ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

    ယနေ့မေလ(၁)ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားကြီးများကို ဂုဏ်ပြုသည့် အဓိပ္ပာယ်ပြည့်ဝသော   အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ နိုင်ငံအတွက် မရှိမဖြစ် အရေးပါသော အဓိကအင်အားစု တစ်ရပ်ဖြစ်သည့် အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြီးပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

    အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့အလုပ်သမားများကို လုပ်အားတန်ဖိုး မြှင့်တင်ပေးသောနေ့၊ အလုပ်သတ်မှတ်ချိန်ကို မှန်ကန်သင့်လျော်စွာ ခံစားရသောနေ့၊ ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် မှတ်ကျောက်တင်နိုင်သည့် နေ့ထူးနေ့မြတ်အဖြစ် နှစ်စဉ်ဂုဏ်ပြု ကျင်းပကြခြင်းဖြစ်ပါသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးကို အလေးထား အားပေးမြှင့်တင်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကာယ၊ ဉာဏစွမ်းအားဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုလျက်ရှိသည့် နိုင်ငံတော်၏ အရေးပါသည့် အင်အားစုကြီးဖြစ်သော အလုပ်သမားကြီးများအား အသိအမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ဤသဝဏ်လွှာကို ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား-

    အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်သည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်သည့်အပြင် လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

MSME လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်လုပ်သားများ ရရှိရန်လိုအပ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတွင်း၌သာမက ပြည်ပနိုင်ငံများနှင့်ပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်၍ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်းများ တည်ထောင်နိုင်ရေး အားပေးကူညီခြင်း၊ ကျွမ်းကျင်မှု အဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ Skill Labour များရရှိရန် ပညာရေးကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လုပ်သားအင်အားကို အခြေပြုသည့် အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခြင်း၊ နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ဖြည့်စွမ်းပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အထည်ချုပ် လုပ်ငန်းကဏ္ဍများ အောင်မြင်စေရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် သဘာဝက ပေးထားသည့် အခွင့်အလမ်းကောင်း များစွာရှိပြီးဖြစ်သည့်အတွက် ယင်းအခွင့်အလမ်းကောင်းများကို ထိရောက်အကျိုးရှိစွာ အသုံးချ၍ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်ပမှကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းသည့် နိုင်ငံအဖြစ်မှ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားအင်အားစု၏  စွမ်းဆောင်မှုသည်အဓိကဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုး စီးပွားအတွက် အလုပ်သမားကြီးများက ကိုယ်အား၊ ဉာဏ်အားရှိသရွေ့ အစွမ်းကုန်အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အားရဖွယ်ရာတွေ့ရှိရပါသည်။

ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရေးနှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အပြန်အလှန်အသိအမှတ် ပြုမှုနှင့် သဟဇာတဖြစ်မှုတို့ လိုအပ်ပါသည်။

ထိုသို့ညှိနှိုင်းဆောင်ရွက်နိုင်ရန် ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေနှင့်အညီ အလုပ်သမား အဖွဲ့အစည်း ၃၀၁၇ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့အစည်း ၂၈ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ပါသည်။ ယင်းအဖွဲ့အစည်းများကို ကိုယ်စားပြုသည့် အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များတွင် အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပြီး အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ပါသည်။

မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်၊ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ပြည်ပမှရရှိလာသော အတွေ့အကြုံ၊ အသိပညာနှင့် အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျအသုံးချနိုင်ရန် ပြည်ပနိုင်ငံများနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ အလုပ်သမားများကို စေလွှတ်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ အလုပ်သမားအများစု သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင် အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေး၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-

    နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သော  အလုပ်သမားကြီးများ၏ လူမှုစီးပွားဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေနိုင်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများတွင်ပါ တစ်ပြိုင်တည်း တိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ၎င်းရည်ရွယ်ချက်ဖြင့် အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ လူမှုဖူလုံရေး ဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း (၆၄)ခန်း၊ ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit)(၂)စီးတို့ဖြင့် အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာနများမှ အလုပ်သမားကြီးများအား လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ပေးရာတွင် လုပ်ငန်းစီမံခန့်ခွဲသူများ အနေဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် အလေးထားမှု၊ ကိုယ်စီစည်းကမ်း လိုက်နာမှုတို့ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။

မြန်မာနိုင်ငံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အဆင့်မြှင့်တင်နိုင်ရေး အတွက် ဒေသတွင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health Network-ASEANOSHNET) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နည်းလမ်းကောင်းနှင့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်စေရန် မျှော်မှန်း၍ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးလျက်ရှိရာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြပါသည်။

လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရေး အတွက် အလုပ်ရှင်နှင့် အလုပ်သမားများ အနေဖြင့် မိမိတို့လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆွေးနွေး ညှိနှိုင်းမှုတို့ကြောင့် ရေရှည်တွင် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေခြင်းသာမက ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံဖြစ်လာရေး၊ ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အလုပ်သမားကြီးများက နိုင်ငံတော်အစိုးရနှင့်အတူ ပါဝင်ကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်းပါကြောင်းနှင့် ပြည်သူတိုင်းက ထာဝစဉ်တန်ဖိုးထားသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ