အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ဟင်းချက်တော့လည်း မြန်မြန်ချက်ပြီးပါမှ၊ ဆန်မှုန့်တွေလှော်တာကို ဗလက...
“ဆန်မှုန့်က လှော်ရတယ်၊ မကြားဖူး ပေါင်”
“ဟင်...ငါးက ဆီသတ်ရတယ် ဟုတ် လား”
“ဆားရည်ထဲ ငှက်ပျောအူလှီးထည့်ရတယ်လား၊ တစ်ခါမှ မတွေ့ဖူးဘူး”
တစ်ယောက်တစ်ပေါက် ကြောင်နေသဖြင့် အောင်သည် အားလုံးကို အိမ်ရှေ့သို့ နှင်ထုတ်လိုက်သည်။
များမကြာမီ ကိုလတ်နှင့်ဘကြီးတို့ နှစ်ပေါင်းများစွာက ကွဲနေသော ဆွေရင်းမျိုးရင်းပမာ ရုတ်ခြည်းခင်မင်လာကြပြီး စကားလက်ဆုံ ကျနေလေတော့သည်။
ကိုအောင်ကတော့ အဘိုးကြီးကို ခွင့်တောင်းပြီး ဘကြီးရဲ့ စာအုပ်စင်ကို မွှေခွင့်ရ၍ ရေငတ်သူ ရေတွင်းထဲကျနေလေရဲ့။
အခန်း (၄၁)
နေ့လယ်ခင်းနေရောင်ခြည်သည် ဖြာ၍ လင်းနေသော်လည်း သစ်ပင်မြားမြောင် ရိပ်ကောင်းချောင်၍ နေရောင်ကွယ်ကာ နေစွယ်ညွန့်တို့မတိုးသာ၊ မဝှေ့သာ။
ယုဇနပန်းရုံ၊ ခွာဖြူပန်းရုံတို့၏ပတ် လည်တွင် သရက်ပင်အုပ်အုပ်နှင့် ပိနဲ္နပင် တို့ ရွက်ဖြာဝေစိပ်လျက် အရိပ်လည်း မြိုင် လေသည်။
ပြွတ်သိပ်သီးမှည့်နေသော ပိနဲ္နသီးတို့ကား ပင်လုံးညွှတ်မျှ ချစ်စဖွယ်ပင်။
မရန်းစေ့ရောင် ကြောင်မြီးတူနှင့် ဖယောင်းပန်းဝါတို့သည် သရက်ပင်ခွကြား မှ တွဲရရွဲအလှကဲလျက် ဝေေ၀ဆာဆာဖူးပွင့် နေကြသည်။ သရက်ပင်နားတွင် ဇွန်ပန်း ရုံကြီးရှိသည်။
ဇွန်ပန်းတွေခူးနေသော အောင်ရှိရာသို့ ကိုလတ်နှင့် ကိုအောင်တို့ လိုက်လာကြသေးသည်။
ဝါးဆွဲခြင်းလေးထဲက ဇွန်ပန်းဖြူဖြူ သေးသေးနုပ်နုပ်လေးတွေကို ကိုလတ်ရော၊
ကိုအောင်ရော ငုံ့ကာငုံ့ကာနမ်းကြည့် နေကြသည်။
ပန်းက မနက်အစောကြီးကတည်းက ခူးမလို့ မအားနိုင်တာနဲ့၊ ဘကြီးရဲ့ဘုရားစင် ရှေ့မှာ ပန်းမွေ့ရာခင်းပေးရမှာ”
“ပန်းမွေ့ရာဆိုတာ ဘာလဲ”
ကိုအောင်က တကယ်မသိတာလား၊ ကြောင်တာလား မသိ၊ မေးနေသည်။
အောင်က မဖြေ။
ရယ်၍သာ နေသည်။
“ဒီပန်းက ခူးရတာ သိပ်လက်ဝင်တာပဲ၊ ချောစုနဲ့ ဆန်းဆန်းမြင့်တို့ ပန်းကန်ဆေး ပြီးမှ ဝိုင်းကူခူးခိုင်းရမယ်”
ကိုလတ်က ပိနဲ္နသီးတွေပေါ်နားနေသော ခိုပြာမြီးကော့လေးတွေကို စိုက်ငေး ကြည့်ရင်း...
“ဒီနေရာလေးက သိပ်အေးချမ်းတာပဲ နော်၊ အောင့်ကိုတော့ ဘကြီးက ချစ်သားပဲ”
“ချစ်ပါတယ်၊ သူက လူပျိုကြီးလေ၊ တူ တွေ၊ တူမတွေထဲ ကျွန်တော့်ကိုအချစ်ဆုံး”
“သူနဲ့တစ်သက်လုံး အတူမနေနိုင်ဘူး လား”
“နေနိုင်ပါတယ်၊ နေလို့ဖြစ်ပါတယ်၊ ဒါပေမဲ့ စည်းကမ်းကြီးလွန်းတယ်၊ မနက် ဆို အိပ်ရာစောစောထမှ ကြိုက်တယ်၊ မနက်လင်းတာနဲ့ ဘုရားသောက်တော်ရေ လဲ၊ ပန်းကပ် အဲဒါလည်း ကျွန်တော်လုပ် နိုင်ပါတယ်၊ ဒါပေမဲ့ ရတနသုတ်တွေ၊ မင်္ဂလသုတ်တွေရွတ်ရတာ အရှည်ကြီးပဲ၊ သိပ်ပျင်းတာပဲ၊ နောက် ကျွန်တော် ပျင်းတာ
တစ်ခုက ဧည့်သည်လာရင် ကျွန်တော့်ကို ထိုင်ခိုင်းပြီး ဧည့်ခံခိုင်းတာ၊ သူ ဘုရား ကန်တော့နေတုန်း၊ ရေချိုးနေတုန်း၊ ထမင်း စားနေတုန်း ဘကြီးကလည်း အဲဒီသုံးခု စလုံး သိပ်ကြာတယ်။
“ကျွန်တော် ပျင်းတာပေါ့။ သူ့ရည်ရွယ် ချက်တစ်ခုကလည်း ကျွန်တော် ကောလိပ် ရောက်တဲ့အထိ ကလေးဆန်နေလို့ လူကြီးတွေနဲ့ စကားပြောတတ်အောင်တဲ့၊ ကျွန်တော် ကျွတ်နေတာပဲ”
ကိုလတ်က ရယ်မောနေသည်။
ကိုအောင်က ခွာဖြူပန်းရုံဘက် မေးထိုး ပြီး...
“ဟိုမှာ ဘကြီးရှိတယ်”
အောင့်ကို ခြောက်လှန့်ပြီး လွယ်အိတ် ကြီးတကားကားနှင့် အောင်တို့အပါးမှ ထွက်ခွာသွားလေသည်။
“ကိုအောင် အာလူး၊ ကတ်ကြေးသံက မာလီဆုကူးသီးပါ”
ကိုလတ်နှင့်အောင် နှစ်ယောက်တည်း ကျန်တော့ ကိုလတ်က မခူးတတ်ခူးတတ် နှင့် ဇွန်ပန်းတွေကို ဝိုင်းခူးပေးနေသည်။
အရွက်တွေ၊ အခက်တွေပါလာသဖြင့် အောင်က ကိုလတ်ပန်းခူးပုံကို သဘော ကျကာ ရယ်မိသေးသည်။
ပန်းခူးပြီး ယုဇနပန်းရုံနားရောက်လာ တော့ အောင်က နောက်မှလိုက်လာသော ကိုလတ်ကိုလှည့်ကြည့်ပြီး...
“ကိုအောင်နဲ့ တစ်ညနေတုန်းက စကား ပြောကြတာ ဒီခုံတန်းလျားလေးပေါ့”
ပြမိသေးသည်။
“အောင့်မွေးနေ့မှာ လက်ဆောင်ယူ မလာမိတာ စိတ်မဆိုးနဲ့နော်”
ကိုလတ်က မဆီမဆိုင်စကားဖြတ်ပြော နေသေးသည်။
“ကျွန်တော်နားလည်ပါတယ်၊ ကိစ္စမရှိပါဘူး၊ ကိုလတ်ဆီက ကျွန်တော်ဘာမှ မလိုချင်ပါဘူး”
“ပထမပေးဖို့ စဉ်းစားသေးတယ်၊ နည်း နည်းရှက်တာနဲ့”
“ရပါတယ် ကိုလတ်ကလည်း”
အောင်က ခွင့်လွှတ်လျက် ရယ်မောနေမိသည်။
ဆက်လက်ဖော်ပြပါမည်။