MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

ရန်ကုန်  မေ  ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပူလျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်များကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၌ကျင်းပခဲ့ရာ ရန်ကုန် ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ ပြိုင်ဘက်အသင်းများကို အသီးသီး အနိုင် ရရှိခဲ့ကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၄ နာရီတွင် YUSC အားကစား ကွင်း၌ GFA အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုး များဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ရွှေပြည်သာယူနိုက်တက်အသင်းက  ၆  ဂိုး  ၅  ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ ရွှေပြည်သာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၅ မိနစ်၊ ၅၁ မိနစ်နှင့် ၉၂ မိနစ်တို့တွင် ဖြိုးနေကိုလှိုင်က လည်းကောင်း၊ ပွဲချိန် ၄၈ မိနစ်နှင့် ၇၁ မိနစ်တွင် ဉာဏ်မင်းထက်ကလည်းကောင်း၊ ပွဲချိန် ၆၄ မိနစ်တွင် စောဖွေးကလည်းကောင်း၊ GFA အသင်းအတွက်သွင်းဂိုးများကို ပွဲချိန် ၂၇ မိနစ်၊ ၃၆ မိနစ်နှင့် ၄၆ မိနစ်တွင် လှဖုန်းဦးကလည်းကောင်း၊ ပွဲချိန် ၆၂မိနစ်တွင်ကျော်စွာထက်ကလည်းကောင်း၊ ပွဲချိန်မိနစ် ၈၀ တွင် ရာဇက်ကလည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။

အလားတူ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ကစားခဲ့သည့် University အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ကစားနိုင်ခဲ့ကာ ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၉ မိနစ်တွင် တီတက်ကလည်းကောင်း၊ ပွဲချိန် ၄၉ မိနစ်၊ ၆၂ မိနစ်နှင့် ၇၄ မိနစ်တို့တွင် ရန်ကျော်ထွေး ကလည်းကောင်း၊ University အသင်းအတွက် တစ်လုံးတည်း သောသွင်းဂိုးကို ပွဲချိန် မိနစ် ၂၀ တွင် အောင်မြင့်မြတ်က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များအဖြစ် မေလ ၂ ရက် ညနေ ၄ နာရီတွင် YUSC အားကစားကွင်း၌  ကချင်ယူနိုက်တက်အသင်းနှင့် ရိန်းဘိုးအသင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစား ကွင်း၌ Glory Goal အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရ သည်။

စည်သူအောင်