မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ တပ်ဆင်မည့် အခြေအနေရှင်းလင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ တပ်ဆင်မည့် အခြေအနေရှင်းလင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

နေပြည်တော်  မေ  ၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။ 

ဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်  ဦးမြင့်ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ အထင်ကရ ဘုရားစေတီများမှဂေါပကများ၊ မြို့မိမြို့ဖများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမုနိဘုရားအပါအဝင် ကိုးဆူကို စတင်ဆောင်ရွက်ခဲ့ပြီး ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားကို ထပ်မံထည့်သွင်း၍ ၎င်းဘုရား ၁၀ ဆူတို့၏ (Pagoda Digital Directory) ကို ၂၀၂၃ ခုနှစ် သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ (Pagoda Digital Directory) ဖြင့် Website များ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကွန်ပျူတာ တက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ) ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊  ဆက်လက်၍လည်း မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း ဖြင့် နောင်လာနောက်သား မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ ဘာသာ၊ သာသနာရေးနှင့်ပတ်သက်၍  အလွယ်တကူသိရှိ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဂေါပကများ အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက် သွားမည့်အခြေအနေ၊ နည်းပညာရပ်ဆိုင်ရာများကို မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တို့ အကူအညီရယူ ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးပြောကြား သည်။

ယင်းနောက် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ အဖွဲ့ဝင် ဘဏ္ဍာထိန်းဦးလှမြင့်က ရွှေတိဂုံ စေတီတော်တွင် ဆောင်ရွက်ပြီးစီးသွားသည့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသည်။

ဆက်လက်၍  အမြဲတမ်း အတွင်းဝန်ဦးမြင့်ဦးက တန်ခိုးကြီးဘုရား ၁၀ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူး လမ်းညွှန် (Pagoda Digital Directory) ဆောင်ရွက်ပြီးစီးမှု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ ပုဂံရှေးဟောင်းဒေသရှိ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်၊ မန္တလေးမဟာမုနိဘုရားတို့တွင် (Pagoda Digital Directory) ဆောင်ရွက်မှု၊ ပုဂံ ရှေးဟောင်းဒေသတွင် ဘုရားစေတီ ၁၈ ဆူ ဆောင်ရွက်မည့်အခြေအနေတို့ကို ထပ်ဆင့် ရှင်းလင်းတင်ပြ ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေမီဉာဏ်ဝင်းက ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို အသေးစိတ်တင်ပြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ နှလုံးအထူး ကြပ်မတ် ဆောင်ငါးလွှာတွင် ဆေးကုသမှုခံယူနေသော အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ် ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာ ဘိဝံသအား  သွားရောက် ဖူးမြော်ကြည်ညို၍   ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကို မေးမြန်း လျှောက်ထားပြီး ဆရာတော်ကြီးထံ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။     

(သတင်းစဉ်)