ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ဧကစာရင်းများ မှန်ကန်စွာ ကောက်ယူ နိုင်ရေးနှင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ဧကစာရင်းများ မှန်ကန်စွာ ကောက်ယူ နိုင်ရေးနှင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁

ဒေသအတွင်း ရာသီအလိုက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စိုက်ဧကစာရင်းများ မှန်ကန်စွာ လျာထားဆောင်ရွက်နိုင်ရေး၊ စာရင်းများ မှန်ကန်စေရေးနှင့် သတ်မှတ် ပန်းတိုင်အထွက်နှုန်း ရရှိနိုင်စေရေးအတွက် ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန နှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန စသည့် ဌာနများနှင့်ပူးပေါင်း၍ မြေပြင်ကွင်းဆင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၈ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊  ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိုင်းတာဝန်ခံ များ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက မိမိတို့ဒေသတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် သီးနှံများ၏ မျိုးကွဲအလိုက် စိုက်ဧကများနှင့် အထွက်နှုန်းများ မှန်ကန်ရေးအတွက် အချိန်မီဆောင်ရွက်ရန် တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အဖွဲ့များကို အနီးကပ်ကြီးကြပ်ခြင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေး၊ စိုက်ပျိုးရေနှင့် နည်းပညာတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ရန်လိုကြောင်း၊ ရေ၊ မြေ အခြေအနေပေးသည့် နေရာများတွင်  တစ်နှစ် နှစ်သီးမှသုံးသီး စိုက်ပျိုးနိုင်ရေး၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့် မမျှော်မှန်းနိုင်သော သဘာဝ ဘေးကျရောက်မှုများကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းနှင့် ကြုံတွေ့လာပါက သက်ဆိုင်ရာဌာနများ ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်ရန်၊ စိုက်ဧက၊ အထွက်နှုန်းစသည့် ကိန်းဂဏန်း အချက်အလက်များကို အထူး အလေးထား   တိတိကျကျမှတ်တမ်းတင်ကြရန် ဆွေးနွေးမှာကြားသည်။

အလားတူ ဧပြီလ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် တာဝန်ခံများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းအရှေ့ခြမ်း၏ လက်ရှိဆီထွက်သီးနှံဖြစ်သည့်  မြေပဲ အထွက်နှုန်းသည် ယခုနှစ်တွင် ကောင်းမွန်သော်လည်း လာမည့်နှစ်များတွင် အထွက်နှုန်း ပိုမိုကောင်းမွန် အောင် ဆောင်ရွက်နိုင်ရေး၊ နှမ်းသီးနှံကိုလည်း ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက်နိုင် ရေး၊ စစ်တောင်းမြစ်ဝှမ်းအတွင်း နေကြာများဖြစ်ထွန်း၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး မြေ၊ ရေ အခြေအနေပေးသည့် အခြားနေရာများတွင်လည်း  ဖြစ်ထွန်းအောင် ဆက်လက်ကြိုးစား စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမည့် လျာထားဧက စာရင်းများ၊ သီးနှံအထွက်နှုန်းများကို မှန်ကန်စွာ ကောက်ခံနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ လိုအပ်သလို မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဧပြီလ ၃၀ ရက်တွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ အခြားသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိနိုင်ရေးနှင့် စိုက်ဧက၊ အထွက်နှုန်း စသည့်ကိန်းဂဏန်း အချက်အလက်များ မှန်ကန်ရေး အပါအဝင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)