အမှောင်ခွင်း၍ အလင်းဆောင်မည့် ပညာဘဏ္ဍာတိုက်ကြီးများ

အမှောင်ခွင်း၍ အလင်းဆောင်မည့် ပညာဘဏ္ဍာတိုက်ကြီးများ

လူသားမျိုးနွယ်စုကြီးက ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ကြရတယ်။ သမိုင်းကြောင်းအရဆိုရင် ရေခဲခေတ်၊ ကျောက်ခေတ်၊ အလယ်ခေတ်၊ မျက်မှောက်ခေတ် အစရှိတဲ့ခေတ်အသီးသီးကို ကျော်ဖြတ် လာခဲ့ကြတာပါ။ ခေတ်တွေသာ အမည်ပြောင်းသွားသော်ငြား ထိုခေတ်များနဲ့အတူ မပြောင်းလဲဘဲ အမြဲတည်ရှိနေတဲ့ခေတ်က ပညာခေတ်ပါပဲ။

ပညာခေတ်အဆက်ဆက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့်သာ ယနေ့လိုမျိုး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ကျေးလက်၊ မြို့ရွာ၊ ခရိုင်၊ နိုင်ငံအသီးသီးကို အောင်မြင်စွာ ထူထောင်လာနိုင်ခြင်း ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီပညာဆိုတာတွေကို ဘယ်သူတွေကပေးသလဲလို့ဆိုလာရင်တော့ ကျွန်တော်တို့ ရဲ့ ဘိုးဘေးဘီဘင်မိခင်ဖခင်တို့က လက်ဆင့်ကမ်းပေးလာတာဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။

ကမ္ဘာဦးအစက လူသားတွေဟာ အရေးအဖတ်တတ်ဖို့အနိုင်နိုင် အပြောအဆိုတောင်မှမတတ်ကြပါဘူး။ ဒါပေမဲ့ ပညာကိုတော့ ရှာမှီးနိုင်စွမ်းရှိခဲ့ကြပါတယ်။ ဥပမာအားဖြင့်ဆိုရရင် တစ်ယောက်ယောက်က မီးကိုတွေ့ရှိပြီး စမ်းသပ်ကိုင် တွယ်ကြည့်ရာ ပူသွားတယ်ဆိုကြပါစို့။ နောက်လူတွေကိုလည်း သူ့လိုမျိုး မဖြစ်ရအောင် မီးဆိုတာပူတတ်တဲ့အကြောင်း အတွေ့အကြုံကို ပြန်လည်ဝေမျှပါတယ်။ ဒါဟာ သူ့ရဲ့ အသိပညာကိုလက်ဆင့်ကမ်းတာပါပဲ။

စကားအပြောအဆိုမတတ်သေးတဲ့ ခေတ်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက်လက်ဟန်ခြေဟန်နဲ့ ဆက်သွယ်ပြောဆိုခဲ့ပြီး နောက်ပိုင်းကျမှသာ စာပေရေးသားဆက်သွယ်မှုဆီ ကူးပြောင်းလာတာပါ။

စာပေရေးသားမှု တိုးတက်လာတာနဲ့အမျှ လူသားတို့ကလည်း သူတို့တွေ့ရှိသမျှအကြောင်းအရာတွေ၊ သူတို့ကြုံဆုံခဲ့ရသမျှ အဖြစ်အပျက်တွေ၊ သူတို့ရဲ့ ကျရှုံးမှုတွေ၊ သူတို့ရဲ့အောင်မြင်မှုတွေ အစရှိတဲ့ အမျိုးမျိုးသော အကြောင်းအရာတိုင်းကို စာပေတွေမှာရေးသားပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်။

နောက်လူတွေက ရှေ့လူတွေရေးသားသွားတဲ့ အကြောင်းအရာတွေထဲကမှ ကောင်းတာတွေကိုအတုယူ၊ မကောင်းတာတွေကို သင်ခန်းစာအဖြစ်မှတ်ယူပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်ခဲ့ကြ ပြန်ပါတယ်။

အရင်တုန်းကတော့ စာအုပ်စာပေတွေဟာ ဟိုတစ်နေရာ၊ ဒီတစ်နေရာနဲ့ပြန့်ကျဲနေတဲ့အတွက် ပညာရှာမှီး လိုသူများဟာ ပင်ပန်းကြီးစွာနဲ့ အနယ်နယ်အရပ်ရပ်ကို သွားရောက်ပြီး သက်ဆိုင်ရာ စာပေတွေကို ဖတ်ရှုကာ ပညာတွေကို ဆည်းပူးခဲ့ကြတာပါ။

လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာချိန်မှာတော့ ပညာဉာဏ် အမြော်အမြင်ကြီးမားသူများက   အနယ်နယ်အရပ်ရပ်က စာအုပ်စာပေတွေကို တစ်နေရာတည်းမှာစုဆောင်းပြီး ထိန်းသိမ်းထားခြင်း အားဖြင့် ခေတ်အဆက်ဆက်မှာ လူတော်လူကောင်းများစွာကို ပေါ်ထွန်းလာစေခဲ့ပါတယ်။

ဒီလိုမျိုးစာအုပ်စာပေတွေ စုဆောင်းထားရှိတဲ့နေရာကိုတော့ စာကြည့်တိုက်လို့ ခေါ်ပါတယ်။ ဒါကြောင့် စာကြည့်တိုက် များဟာ လူတော်လူကောင်းများ အားကိုးအားထားပြုရတဲ့ ပညာဘဏ္ဍာတိုက်ကြီးများ ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

ပညာဘဏ္ဍာတိုက်ကြီးများ အကြောင်းကို အနည်းငယ်ပြောပြပါဦးမယ်။ ကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံးနဲ့ လက်ရှိမှာဖွင့်လှစ်ပြီးလုပ်ငန်းများ ဆောင်ရွက်နေတဲ့စာကြည့်တိုက်က ဆိုင်းနိုင်း တောင်ခြေမှာရှိတဲ့  စိန့်ကက်သရင်း ဘုန်းတော်ကြီး ကျောင်းစာကြည့်တိုက်ပါ။ သူ့ကို ခရစ်နှစ် ၅၄၈ ခုနှစ်နဲ့  ၅၆၅  ခုနှစ်ကြားမှာ တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာ အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒုတိယမြောက် သက်တမ်းအရင့်ဆုံးနဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ စာကြည့်တိုက်က ခိုရာဝီယန် စာကြည့်တိုက်ဖြစ်ပါတယ်။ သူ့ကို ခရစ်နှစ် ၈၅၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ မော်ရိုကိုနိုင်ငံမှာ ရှိပါတယ်။

သူတို့ထက်သက်တမ်းရင့်တဲ့ စာကြည့်တိုက်များစွာလည်းရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီစာကြည့်တိုက်တွေ က အခုအချိန်မှာ အသက်မဝင်တော့သလို   မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားကြပါပြီ။

အဲဒီထဲကမှ ကမ္ဘာ့အစောဆုံးစာကြည့်တိုက်အဖြစ် သတ်မှတ်နိုင်တဲ့နေရာကတော့ ဆီးရီးယားနိုင်ငံ မာဒစ်မြို့ အနီးမှာရှိတဲ့ အီဘလာစာကြည့်တိုက်ပါပဲ။ သူ့ကို ဘီစီ ၂၅၀၀-၂၂၅၀ ကာလများတုန်းက တည်ထောင်ခဲ့ဖွယ်ရှိတယ်လို့   သမိုင်း မှတ်တမ်းများအရ သိရပါတယ်။

စာကြည့်တိုက်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက စတင်တည်ထောင်ခဲ့ကြတဲ့အပြင်   လက်ရှိ အချိန်အထိမှာလည်း ရှေးဟောင်းစာကြည့်တိုက်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် စာကြည့်တိုက်များရဲ့ အရေးပါပုံကို သိရှိနိုင်မှာပါ။

ဘာကြောင့်အရေးပါလဲဆိုရင် စာကြည့်တိုက်တွေဆိုတာ အသိပညာဗဟုသုတများစွာ ပေးစွမ်းနိုင်တယ်။   လူ့ဘောင် ယဉ်ကျေးမှုအဆက်ဆက် စီးဆင်းမှုကို သိရှိနိုင်တယ်။ ဉာဏ်အသိပညာ ပွင့်လင်းစေပြီး အမှောင်ကိုဖယ်ကာ အလင်းကိုပေးစွမ်းနိုင်တယ်။ ဒီအတွက်ကြောင့် စာကြည့်တိုက်တွေဆိုတာ ကျွန်တော်တို့ရဲ့ အသိုင်းအဝိုင်းကြီး   တစ်ခုလုံးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

စာကြည့်တိုက်တွေဆိုတာ ရေသောက်မြစ်ကြီးနဲ့လည်း အလားသဏ္ဌာန်တူပါတယ်။ အပင်တစ်ပင်မှာ ရေသောက်မြစ်က အဲဒီအပင်ရဲ့အစာအာဟာရနဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါသလို အရင်းအမြစ် များစွာကို သိုလှောင်သိမ်းဆည်းပေးထားပြီး အဲဒီကနေမှတစ်ဆင့် မိမိတို့လိုအပ်တဲ့အစိတ်အပိုင်းကို ရယူ အသုံးပြုခြင်းအားဖြင့် ကိုယ့်ဘဝတက်လမ်းကို ဖန်တီးနိုင်စွမ်းရှိစေတဲ့ စာကြည့်တိုက်များကလည်း ရေသောက်မြစ်နဲ့ မခြားပါဘဲ။

ဒါ့အပြင် စာကြည့်တိုက်ရဲ့ အကျိုးပြုပုံတချို့ကိုလည်း ပြောပြချင်ပါသေးတယ်။ စာကြည့်တိုက်ဆိုတာ ဗဟုသုတ ဟင်းလေးအိုးကြီးလိုမျိုး ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်မှန်သမျှကို ပေးစွမ်းနိုင်ပါ တယ်။ ပညာရေးအတွက်လား၊ သုတေသနအတွက်လား၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက်လား ဘယ်လိုအရာမျိုးအတွက်မဆို လိုချင်တဲ့အချက်အလက်တွေကို စာကြည့်တိုက်မှာ ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။

စာကြည့်တိုက်တွေကို အသုံးပြုခြင်းအားဖြင့် လူတစ်ဦးချင်းတစ်ယောက်ချင်းရဲ့ အရည်အချင်းတွေ တိုးတက်စေသလို အဲဒီကနေမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။   စာကြည့်တိုက်ဆိုတာ  တစ်မြို့နယ်မှာ တစ်ခုရှိရုံနဲ့ မလုံလောက် ပါဘူး။ တစ်ရပ်ကွက်မှာ တစ်ခုရှိရုံနဲ့လည်း မလုံလောက်ပါဘူး။ စာကြည့်တိုက်များလေ လူတော် လူကောင်းထွက်ပေါ်မှုများလေဖြစ်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် စာကြည့်တိုက်များ အရေအတွက်တိုးပွားလာရေးက ပဏာမလိုအပ်ချက်ဖြစ်ပါတယ်။ စာကြည့်တိုက်များတိုးပွား လာတာနဲ့အမျှ ရေရှည်တည်တံ့ခိုင်မြဲရေးကလည်း အရေးကြီးပြန်ပါတယ်။ ဥပမာ စိန့်ကက်သရင်း ဘုန်းတော်ကြီးကျောင်း စာကြည့်တိုက်နဲ့ ခိုရာဝီယန်စာကြည့်တိုက်လိုမျိုးပေါ့။

တစ်ချိန်တည်းမှာပဲ စာကြည့်တိုက်များရဲ့ အခြေအနေအရပ်ရပ် တိုးတက်ရေးကလည်း အရေးကြီးပါ တယ်။ ဥပမာ မူလလက်ဟောင်း ဂန္ထဝင်စာပေတွေကို တစ်ဖက်ကထိန်းသိမ်းသလို တစ်ဖက်မှာလည်း အသစ်ပြန်လည် ရိုက်နှိပ်ထုတ်ဝေခြင်း၊ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲ သိမ်းဆည်းခြင်းတို့အားဖြင့် စာကြည့်တိုက်မှာ ထားရှိခြင်းမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုးအရေးကြီးလှတဲ့ လုပ်ငန်းများကို တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်ဆောင်လို့မရပါဘူး။ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ အားဖြည့် ပေးမှသာရမှာပါ။

အခုဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာကြည့်တိုက်များကို အားပေးမြှင့်တင်တဲ့အနေနဲ့ အလှူငွေနဲ့စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပြီး စာကြည့်တိုက်များတိုးပွားရေး၊ ရေရှည်တည်တံ့ရေးနဲ့ တိုးတက်ရေးတို့အတွက်  မူဝါဒချမှတ် ဆောင်ရွက်နေတာကို မြင်ရတာဟာ တကယ့်ကို အနာဂတ်အတွက် ခွန်အားတစ်ခု ဖြစ်ရပါတယ်။

စာကြည့်တိုက်များသို့   အလှူငွေနဲ့ စာအုပ်စာစောင်များ လှူဒါန်းပွဲတစ်ခုမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ပြုပြောစကား တစ်ခွန်းက မိမိတို့အတွက် အင်မတန်မှ ပင်မှတ်သား လိုက်နာစရာကောင်းသည်ဟု ယုံကြည်မိပါတယ်။ အဲဒီစကားကတော့ -

“စာကြည့်တိုက်ဆိုသည်မှာ   ပညာဖြန့်ဝေပေးရာ   ဌာနကြီးတစ်ခုဖြစ်ပြီး စာဖတ်စေရန်နဲ့ စာဖတ်အား များ တက်လာစေရန်ဆောင်ရွက်ရပါမယ်။ လူနေမှုပုံစံပြောင်းလဲ တိုးတက်လာစေရေးနဲ့ အနာဂတ်မှာ အသိပညာကြွယ်ဝတဲ့ လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ရပါမယ်” ဆိုတဲ့စကားပဲဖြစ်ပါတယ်။

စာကြည့်တိုက်တွေ ဘယ်လောက်များများ စာဖတ်သူတွေရှိမှလည်း စာကြည့်တိုက် အသက်ဝင်မှာ ဖြစ်သလို အသိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ လူ့အသိုင်းအဝိုင်းလည်း ပေါ်ထွန်းလာမှာအမှန်ပါ။

နောက်တစ်ခုက စာကြည့်တိုက်များ တိုးတက်စေဖို့အတွက် အားဖြည့်ပေးမယ့်အရာတွေက စာအုပ် စာစောင်များ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခုလိုမျိုးပြောထားတာကို လေ့လာမှတ်သားရပါတယ်။

“စာအုပ်စာပေဆိုသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာ ရသေးပါက  အသစ် ပင်ဖြစ်ပါတယ်။  စာအုပ်၏ တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ရသည့် အသိက တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိမည်ဖြစ်ပါတယ်။”

တကယ်တော့ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့စကားအတိုင်းပဲ စာမြင်တာနဲ့ဖတ်လိုက်ရင်၊ မှတ်သားထားလိုက်ရင် တစ်ချိန်ချိန်မှာ ကိုယ့်အတွက် တစ်ထောင့်တစ်နေရာကနေ ပြန်ပြီး အကျိုးပြု နိုင်ပါလိမ့်မယ်။

ဒါကြောင့် ဘယ်စာအုပ်ကတော့ ဘယ်နှခုနှစ်ကထုတ်တာမို့လို့ ခေတ်အခြေအနေနဲ့ မကိုက်တော့တဲ့ အတွက် မဖတ်တော့ဘူးဆိုတာမျိုး မလုပ်ရပါဘူး။ ကိုယ်မဖတ်ရသေးတဲ့စာဟာ ကိုယ့်အတွက်တော့ အသစ်တွေချည်းပဲမဟုတ်ပါလား။ ကိုယ့်ဘဝတိုးတက်ချင်တယ်ဆိုရင်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်း အဝိုင်းကို အကျိုးပြုတဲ့လူတစ်ယောက် ဖြစ်စေချင်တယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့်အရာက စာဖတ်ခြင်း ပါပဲ။

ဘဝအတွက်စာဖတ်ရန် လိုအပ်တဲ့ စကားတစ်ခုရှိပါတယ်။ အဲဒီစကားကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောသွားတာကိုလည်း တွေ့ရပါ တယ်။ အဲဒါကတော့  “စာမတတ်သူက ထိုင်နေတဲ့လူနဲ့တူတယ်။ စာတတ်ပြီး  စာမဖတ်သူက ရပ်နေတဲ့ လူနဲ့တူတယ်။   စာတတ်ပြီးစာဖတ်သူကတော့ လမ်းလျှောက်နေသူနဲ့တူတယ်” ဆိုတဲ့စကားပါပဲ။

ဒါကြောင့် သမိုင်းတန်ဖိုးကြီးမားရုံသာမက လူ့အသိုင်းအဝိုင်းအတွက်လည်း အဖိုးမဖြတ်နိုင်သော အမှောင်ခွင်း အလင်းဆောင်မည့် ပညာဘဏ္ဍာတိုက်ကြီးများဖြစ်သည့်  စာကြည့်တိုက်များတိုးပွားပြီး ရေရှည်တည်တံ့ တိုးတက်ရေး၊ စာဖတ်သူအရေအတွက် တိုးတက်များပြားလာရေးက တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အရာတွေဖြစ်နေတာကြောင့် အစိုးရနဲ့ပြည်သူလူထုတစ်ရပ်လုံးက  တူညီစွာ လက်တွဲခြင်းအားဖြင့် ဖော်ဆောင်မှသာ အောင်မြင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

ထက်မြတ်