ဘိုကလေးမြို့နယ်၌ သုံးမြွှာပူးမွေးဖွားသူမိခင်အား ပံ့ပိုးငွေနှင့်အသုံးအဆောင်ပစ္စည်းများပေးအပ်

ဘိုကလေးမြို့နယ်၌ သုံးမြွှာပူးမွေးဖွားသူမိခင်အား ပံ့ပိုးငွေနှင့်အသုံးအဆောင်ပစ္စည်းများပေးအပ်

ဘိုကလေး၊ လူမှုရေး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မဂူကျေးရွာအုပ်စု ပေချောင်းလေးကျေးရွာမှ  မဇာခြည်ထွေး သည် ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ သုံးမြွှာပူးမွေးဖွားခဲ့သဖြင့် ဧပြီလ ၃၀ ရက်တွင် ၎င်းမွေးဖွားရာ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌    ပံ့ပိုးမှုများဆောင်ရွက်ကြသည်။

ထိုသို့ပံ့ပိုးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ် အမျိုးသမီးရေးရာနှင့်  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်၍  သုံးမြွှာပူးမွေးဖွားသည့်  မိခင်နှင့်ကလေးများအတွက်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးငွေကျပ်သုံးသိန်း၊ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့၏ ပံ့ပိုးငွေကျပ်  နှစ်သိန်း၊  ဘိုကလေးမြို့နယ်မှ စေတနာပြု လှူဒါန်းသူ နှစ်ဦး၏ လှူဒါန်းငွေကျပ် နှစ်သိန်းအပြင် မိခင်နှင့်ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ၊   မိခင်အတွက် အာဟာရစားသောက်ဖွယ်ရာများအား မိခင်၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းသည်။

အဆိုပါ ကလေးသုံးမြွှာပူးအား ဧပြီလ ၂၈ ရက်တွင် ခွဲစိတ်၍ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယခုအခြေအနေတွင် မိခင်၏ ကျန်းမာရေးကောင်းမွန်သော်လည်း ကလေးငယ်များ ကိုယ်အလေးချိန်နည်းလွန်းသဖြင့် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတာဝန်ရှိသူများက ကလေးငယ်များ ကျန်းမာရေးအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                       

မိုးစက်(ဘိုကလေး)