အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁ဝ

အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၌   Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  ပြည်ထောင်စု တရားသူကြီးချုပ်  ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်း  စစ်ချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဗဟာ ဗျူဟာ ရေးဆွဲရေး  ဦးဆောင် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်  ဥက္ကဋ္ဌ၊ အမျိုးသားအဆင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဗဟာဗျူဟာရေးဆွဲရေး အထောက်အကူပြုလုပ်ငန်း ကော်မတီဝင်များ၊  ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊ United States Agency International Development  တို့မှ တာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသူများသည် သက်ဆိုင်ရာ နေရာဒေသ အသီးသီးမှ Zoom Application ဖြင့်  တက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ခေတ္တ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ သည် အခမ်းအနား ကျင်းပသည့် နေပြည်တော်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး  ကော်မရှင်ရုံး၌ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင်ယခုဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကို   ကောင်းမွန်စွာဆောင်ရွက်နိုင်မှု ကြောင့် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာ မှုအဖွဲ့က ပြုလုပ်တဲ့ Global Corruption Barometer ASIA ၂၀၂၀ စစ်တမ်းမှာ အာရှ ၁၇ နိုင်ငံ၌ မြန်မာ နိုင်ငံက အဆင့် (၁) နေရာတွင် အမြင့်ဆုံး အသိအမှတ်ပြုခြင်း ခံရပါကြောင်း။

နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံက ထိခိုက်စေနိုင်တဲ့  အဂတိလိုက်စားမှုတွေ  လျော့ နည်း ပပျောက်စေရေးအတွက် မိမိတို့နိုင်ငံမှာ  စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းကို ဘက်လိုက်မှု မရှိဘဲ ဥပဒေနဲ့ အညီဆောင်ရွက်နေသလို အသိပညာပေးခြင်းနဲ့ တားဆီးကာကွယ်ခြင်း အစီအစဉ် အနေနဲ့လည်း ပြည်ထောင်စု ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ပြည်သူလူထုအတွင်း ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး အစီအစဉ် တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့မြင်ရပါကြောင်း။

နိုင်ငံတော်အစိုးရအနေနဲ့လည်း ကော်မရှင်ရဲ့ အခြေခံအဆောက်အဦလိုအပ်ချက် ပြည့်စုံရေးအတွက်  နိုင်ငံတကာ အဆင့် အတန်းမီ ကော်မရှင်ရုံးသစ် (နေပြည်တော်)ကို ၂ဝ၂ဝပြည့်နှစ် သြဂုတ်၅ရက်မှာ ဖွင့်လှစ်ပေး နိုင်ခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပြည်သူ လူထုနဲ့ နီးနီးကပ်ကပ် ပူးပေါင်းပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ယခုနှစ်အတွင်း မွန်ပြည်နယ်   မော်လမြိုင် မြို့ နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှာ ကော်မရှင်ရုံးခွဲများကို ထပ်မံတိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါ ကြောင်း။

 ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အဂတိလိုက်စားမှုဟာ နိုင်ငံတစ်နိုင်ငံတည်း မှာသာ သီးခြား ဖြစ်ပေါ် နေတဲ့ ကိစ္စရပ်တစ်ခု မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းများ အားလုံးနဲ့ စီးပွားရေးစနစ်များကို ထိခိုက်စေတဲ့ နိုင်ငံဖြတ်ကျော် အမှုအခင်းမျိုးတွေလည်း ရှိနေပါကြောင်း၊ ဒါကို ကာကွယ်တားဆီးဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ နိုင်ငံအချင်းချင်း၊ ဒေသတွင်း အဖွဲ့အစည်းများအချင်းချင်း သဘောတူညီချက်များ တိုးမြှင့်ချုပ်ဆို ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက် ရေးအကယ်ဒမီ (IACA) ကို ၂ဝ၁၉ ခုနှစ်မှာ (၇၉) ခုမြောက်  အဖွဲ့ဝင်အဖြစ်ဝင်ရောက် နိုင်ခဲ့ပါကြောင်း။

အဂတိကင်းစင်တဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာရေးမှာ ရှိနေဆဲဖြစ်တဲ့ အဂတိ လိုက်စားမှုတွေ လျော့ပါးသွား အောင် အဂတိ လိုက်စားမှုဖြစ်စဉ်တွေကို  စုံစမ်းစစ်ဆေး တိုက်ဖျက်ရမှာ ဖြစ်သလို၊ နောင်အနာဂတ်မှာ   ပပျောက်သွား အောင်ပါ လိုအပ်တဲ့ ပြင်ဆင်၊ စီမံ၊ ဆောင်ရွက်မှုတွေကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အားလုံးပါဝင်ပြီး စနစ်တကျနဲ့ ရေရှည် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲချမှတ်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့က တာဝန် ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဦးဆောင်ကော်မတီနဲ့ အထောက်အကူပြု လုပ်ငန်း ကော်မတီ များ ဖွဲ့စည်းဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း။

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်က   ကမ္ဘာ့ကပ်ရောဂါ ကာလအချိန်အခါနဲ့ ကိုက်ညီစွာ ''ဖြောင့်မတ်တည် ကြည်မှုဖြင့် ပြန်လည် ထူထောင်ကြပါစို့'' “Recover    with    Integrity” ဖြစ်တဲ့ အတွက် ဆောင်ပုဒ်နဲ့အညီ COVID-19 ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံမှာ  တွေ့ကြုံ နေရတဲ့ စီးပွားရေး၊ လူမှုရေး အခက်အခဲများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာမှာ ဖြောင့်မတ် တည်ကြည်မှု၊ အဂတိ ကင်းစင်မှုဖြင့် ဆောင်ရွက်ကြဖို့နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရား စီရင်ရေး မဏ္ဍိုင် တို့က တာဝန်ရှိ သူများနဲ့ ပြည်သူလူထု တစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို တက်ညီ လက်ညီဖြင့် ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အလေးအနက်တိုက်တွန်း အပ်ပါ ကြောင်း ပြောကြားသည်။

 ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန် မြတ်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြော ကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂ဝ၁၈-၂ဝ၂၁)အပေါ် ပြီးခဲ့သည့်သုံးနှစ်တာ ဆောင်ရွက်ချက်များအရ၈၅  ရာခိုင်နှုန်းခန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့မှ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန် သော တစ်ကမ္ဘာလုံး ဆိုင်ရာ အဂတိလိုက်စား မှုဘာရိုမီတာ၌ အာရှဒေသ ၁၇ နိုင်ငံအတွင်း ဆောင်ရွက်ခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံသည် အများပြည်သူများ လက်ခံသော  အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်း အဖြစ် အမြင့်ဆုံးအဆင့် ရရှိခဲ့ပြီး  အဂတိလိုက်စားမှုအား လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မှုတွင် လည်း   အမြင့်ဆုံးအဆင့် ရရှိခဲ့ကြောင်း။

နယ်ပယ် အသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကော်မရှင် နှင့်အတူ လက်တွဲညီညီ  ပူးပေါင်း ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း တင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်   ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ် လွှာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Mr. Ola Almgren က ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Deputy Resident Representative Ms. Dawn Del Rioက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ယင်းနောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) Country Manager Mr. Benedikt Hofmann က UNODC Executive Director ၏ Video message ကိုပြသ၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။