MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် ကချင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ်နိုင်ပွဲရရှိ

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် ကချင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ်နိုင်ပွဲရရှိ

 

ရန်ကုန်  မေ  ၂

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်   MNL League Cup 2024   ပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက် အသင်းနှင့်  ကချင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ် နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024  ပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်များအဖြစ် ညနေ ၄ နာရီ တွင်  YUSC အားကစားကွင်း၌  ကချင်ယူနိုက်တက် အသင်းနှင့် ရိန်းဘိုးအသင်းတို့ ကစားခဲ့ရာ ကချင်ယူနိုက်တက်အသင်းက ငါးဂိုး ဂိုးမရှိဖြင့်  ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ကချင်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၁ မိနစ်တွင် စောလောအယ်ထူးက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိပြီး ပွဲချိန် ၃၈ မိနစ်တွင် ဂွန်လမ်ကလည်းကောင်း၊ ပွဲချိန် ၄၅ မိနစ်၊ ၆၉ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ဇော်မွန်းအောင်ကလည်းကောင်း အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၄  နာရီ သုဝဏ္ဏအားကစားကွင်းတွင် Glory Goal အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက  လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၂မိနစ်တွင် သူရိန်ထွန်း၊ ပွဲချိန် ၁၅ မိနစ်တွင် အောင်နိုင်ဝင်း၊  ပွဲချိန်  ၅၃ မိနစ်တွင် ရဲရင့်အောင်နှင့် ပွဲချိန် ၇၅ မိနစ်တွင် သက်ဝေမိုးတို့က အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များအဖြစ် မေ ၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏ အားကစားကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ဆေးဗားစတားအသင်း၊ ညနေ ၄ နာရီ တက္ကသိုလ် အားကစားကွင်းတွင် ဒဂုံပေါ့အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ အုပ်စု(D)ပွဲစဉ်များအဖြစ် ညနေ ၃ နာရီ  ၄၅ မိနစ်တွင်  ပဒုမ္မာအားကစားကွင်း၌ ရတနာပုံအက်ဖ်စီအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ ညနေ ၄ နာရီ  YUSC အားကစားကွင်းတွင် သစ္စာအားမာန်အသင်းနှင့် ISPE အသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။