သမားဇာနည် အောင်စစ်သည်

လူသားတို့အတွက် အရေးကြီးဆုံးအရာသည်ကား ကျန်းမာခြင်းဖြစ်သည်။ အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်ကပင် ဘုရားရှင် ဟောတော်မူခဲ့သည်။ ကျန်းမာမှုရှိမှသာ လူ့ဘဝခရီးတွင် စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်စုံမည်ဖြစ် သည်။ ကျန်းမာမှုရှိနေမှ၊ ကျန်းမာမှုရှိနေသော်လည်း သန်စွမ်းမှုရှိနေမှသာ မိမိနိုင်ငံကို မိမိတို့ကာကွယ် နိုင်မည်ဖြစ်သည်။ ထို့ကြောင့်

တပ်မတော်သားတို့ ပြုကျင့်ရမည့်ကျင့်ဝတ်တွင် ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင် လေ့ကျင့်ပါဟူ၍ သတ်မှတ်ထားသည်။ ထို့ပြင် ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဟူ၍  လေ့ကျင့်ရေး ဆိုင်ရာရည်မှန်းချက်ထားရှိသည်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်ကူးစက် ပျံ့နှံ့နေသည့်အချိန်အခါတွင် မြန်မာနိုင်ငံသည်လည်း ထိုရောဂါ၏ ဆိုးကျိုးကိုကြုံတွေ့နေရသည်။ တပ်မတော်အနေဖြင့် အဆိုပါရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် သမားဇာနည်များသည်လည်း အနီးကပ်ပါဝင်လုပ်ဆောင် လျက်ရှိသည်။ ယနေ့သင်တန်းဆင်းကြမည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁) သင်တန်းဆင်းများသည်လည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပေရာ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားတက်ဖွယ်ဖြစ်သည်။

တပ်မတော်ဆေးတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် သြဂုတ် ၃ ရက်တွင်ဖွင့်လှစ်ပြီး သမားဇာနည်များကို မွေးထုတ် ပေးလျက်ရှိသည်။ တပ်မတော်ဆေးတက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သော သမားဇာနည်အောင်စစ်သည်များ ပေါ်ထွန်းရေးကို လေ့ကျင့်သင်ကြား မွေးထုတ်လျက်ရှိရာ ယခုအခါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၁)သို့ တိုင်ခဲ့ပြီဖြစ်သည်။ အမိတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် သစ္စာ၊ ပညာ၊ စေတနာ ဆိုသည့်အတိုင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်၊ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရမည်၊ ရဲဘော် အချင်းချင်းအပေါ် သစ္စာစောင့်သိရမည်။

သမားဇာနည်အောင်စစ်သည်တိုင်းသည် ဆေးအတတ်ပညာ၊ စစ်အတတ်ပညာနှင့် လူမှုဆက်ဆံရေးပညာ စသည်ဖြင့် ကောင်းသော ပညာရပ်ပေါင်းစုံတွင် ထူးချွန်စွာတတ်မြောက်နေကြရမည်ဖြစ်သည်။ ခေတ်နှင့်အညီ နည်းပညာမြင့်မားသည့် ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်ပြီး တိုးတက်သည့် ကုထုံးသစ်များ၊ ဆေးဝါးများနှင့် လူနာကိုကုသပေးနိုင်ရမည်။ စေတနာဆိုသည်ကား မြင့်မြတ်သောနှလုံးသား ရှိသူတိုင်း ပိုင်ဆိုင်သောအရာဖြစ်သည်။ မိမိတို့တတ်မြောက်ထားသော ဆေးပညာရပ်များဖြင့် လူနာကို ရောဂါ သက်သာပျောက်ကင်းစေလိုသည့် ကိုယ်ချင်းစာစိတ်ထားရှိခြင်းဖြစ်ပေသည်။

တပ်မတော်တွင် ရဲဘော်စိတ်ဟူသည် ဖော်ပြထားသည်။ ရဲဘော်စိတ်ဆိုသည်မှာ ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏ဟူ၍ ဖွင့်ဆိုထားသည်။ ထိုစိတ်ထားဖြင့် လူနာများအပေါ် ကုသပေးခြင်းသည် စေတနာဖြစ်သည်ဟု ဆိုရပေမည်။ ဆေးဝန်ထမ်းတပ်ဖွဲ့ အနေဖြင့် တပ်မတော်နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုရာတွင် “ကျန်းမာ ကြံ့ခိုင် တိုက်နိုင်ရန်” “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့်ဆောင်ပုဒ်များနှင့်အညီ လက်တွေ့ကျင့်ကြံ လုပ်ဆောင် လျက်ရှိသည်။

သမားဇာနည်အောင်စစ်သည်များသည် ဆရာဝန်များဖြစ်ကြသည့်အတွက် ကျန်းမာရေးဝန်ထမ်းများ လိုက်နာ ရမည့်ကျင့်ဝတ်များ၊ ဆရာဝန်များ လိုက်နာရမည့်ကျင့်ဝတ်များ၊ ကတိသစ္စာများကို မှတ်သားလိုက်နာပြီး ထိုအတိုင်း ပြုမူနေထိုင်ကြရပေမည်။ ထို့အတူ တပ်မတော်အရာရှိများဖြစ်ကြသည့်အတွက် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ချက်နှင့်  ပြည့်စုံရပေမည်။  တပ်မတော်စည်းမျဉ်းစည်းကမ်းများ၊ တပ်မတော်အက်ဥပဒေများ၊ နယ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကိုလည်း သိရှိလိုက်နာကြရမည်ဖြစ်သည်။ သမား ဇာနည် အောင်စစ်သည်ဆိုသည်မှာ သာမန်အရည်အချင်းရှိရုံနှင့် ဖြစ်လာကြသူများမဟုတ်ပါ။ ထူးချွန် ထက်မြက်သော အရည်အချင်းရှိသူများဖြစ်ပေရာ နိုင်ငံတော်နှင့်တပ်မတော်အတွက် အားကိုးထိုက်သူများ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။