အဝေးပြေးယာဉ်လိုင်းများ မြို့နယ်ပေါင်း ၁၈ မြို့နယ်အထိ ပြေးဆွဲပေးလျက်ရှိ

ရန်ကုန်၊ မော်တော်ယာဉ်

COVID-19 ရောဂါအခြေအနေကြောင့် တချို့သော အဝေးပြေးယာဉ်လိုင်းများ ရပ်နားထားကြသော်လည်း ရန်ကုန်မြို့မှ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုအတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်အထိ ပြေးဆွဲပေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ သိရ သည်။

“လက်ရှိ မော်တော်ယာဉ် ၃၅ စီး လောက်ကတော့ မြို့နယ် ၁၈မြို့နယ်အထိ ပြေးဆွဲပေးနေတာ တွေ့ရတယ်။ သွားတဲ့ မော်တော်ယာဉ်မှာ ခရီးသည်မပါဘူး။ လမ်းမှာတက်ရင်တော့မသိဘူး။ ပိတ်ထားတာမျိုးတွေတော့ မလုပ်ထားပါဘူး”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

အဝေးပြေး ယာဉ်လိုင်းများရပ်နားရန် တရားဝင်ညွှန်ကြားထားခြင်းမရှိသော်လည်း COVID-19 ရောဂါကူးစက် မှုကိုကာကွယ်ရန် Stay at Home သတ်မှတ်ထားသည့်မြို့နယ် များပြားလာခြင်း၊ မလိုအပ်ဘဲ ခရီး သွားလာခြင်းများမပြုလုပ်ကြရန် ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး ထောက်ခံစာပါရှိမှသာ ခရီးသွား လာခွင့်ရရှိခြင်း၊ ဒေသအသီးသီး၏ သတ်မှတ် ချက်များအရ Quarantine ဝင်ရောက်ရခြင်း စသည်တို့ကြောင့် ခရီးသွားမရှိသလောက် နည်းပါးနေခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကုန်ပစ္စည်းများကိုသာ သယ်ယူ ပို့ဆောင် ပေးနေသည့်  ယာဉ်တချို့မှအပ ယာဉ်အားလုံးရပ်နားထားရဆဲ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ COVID-19 ရောဂါကူးစက်မှုစတင်ခဲ့သည့် မတ်လနောက်ပိုင်းတွင် ခရီးသွားလာမှု ၈၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သော်လည်း ကူးစက်မှုလျော့ကျခဲ့၍ ဇူလိုင်လတွင် ခရီးသွားပုံမှန်နီးပါး ပြန်ရှိလာခဲ့သည်။ သို့သော် သြဂုတ်လအတွင်း COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည်စတင်လာခဲ့ပြီး ကူးစက်မှုမြင့် မားလာသောကြောင့် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို တိုးချဲ့ဆောင်ရွက်ခဲ့ကြရာ လုပ်ငန်း အားလုံး နီးပါး ခေတ္တရပ်နား ခဲ့ရသကဲ့သို့ ခရီးသွားလာမှုလည်း မရှိသလောက်ကျဆင်းခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါကာလမတိုင်မီက နေ့စဉ် အဝေးပြေးယာဉ်လိုင်းပေါင်း ၃၀၀ မှ ၄၀၀ အထိပြေးဆွဲပေးပြီး နေ့စဉ်ယာဉ်အစီးရေ ၁၀၀၀ ကျော်မှ ခရီးသည်ပေါင်း နှစ်သောင်းခွဲခန့်ကို သယ်ယူပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။          

Kaykay