ကန်တော်ကြီးဥယျာဉ်အတွင်း ဝင်ထွက်သွားလာမှု စောင့်ကြည့်ခြင်းများဆောင်ရွက်

ရန်ကုန်၊ လူမှုရေး

ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်အတွင်း အများပြည်သူ ဝင်ထွက်သွားလာမှုများနှင့် ပတ်သက်ပြီး   ကျန်းမာရေး ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ စောင့်ကြည့်လေ့လာခြင်းကို ဒီဇင်ဘာ ၉ ရက်က ပြုလုပ် ခဲ့ကြောင်း   မင်္ဂလာတောင်ညွန့်မြို့နယ်  မဲဆန္ဒနယ်  အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်    ဦးလှဌေး၏ ပြောကြားချက်အရ သိရသည်။

“ကန်တော်ကြီးဥယျာဉ်အတွင်း ဝင်ထွက်သွားလာတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုနည်းလမ်းနဲ့ ထိန်းမယ်ဆို တာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့တယ်။ မြို့ထဲမှာ မဟာ ဗန္ဓုလပန်းခြံကလည်း ပိတ်လိုက်ပြီဆိုတော့ ဒီဘက်ကို စုပြုံရောက်လာနိုင်တယ်။ လတ်တလောအခြေအနေအရတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထိခိုက်လောက် တဲ့အနေအထား မတွေ့ရသေးပါဘူး။ ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်တော့ တိတိကျကျ လုပ်မထား သေးပါဘူး။ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်လာပြီဆိုရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး အခြေအနေ ထိန်းသိမ်းရမယ်” ဟု ဦးလှဌေး ကပြောသည်။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စားသောက်ကုန်ရောင်းချသည့်ဈေးများကိုသာ ဖွင့်လှစ်ခွင့်ပြုထားပြီး ပန်းခြံများအား ပိတ်ထားသင့်ကြောင်းနှင့် လက်ရှိတွင် ပန်းခြံများ၌ လာရောက် အပန်းဖြေသူ များပြားနေကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် မဟာဗန္ဓုလပန်းခြံသို့ လူစုလူဝေးဖြင့် လာရောက် အပန်းဖြေခြင်းများရှိနေသည့်အတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက စတင်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆုလာဘ်