အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ကောင်လေးတွေမှာ ရိုးသားသော မျက်နှာထား၊ မွန်မွန်ရည်ရည်အမူအရာနှင့်...

“မမအောင်တို့လား”

မေးလိုက်တော့မှ အောင်တို့စိတ်ထဲအေးသွား၏။

သို့သော်  ဘယ်သူဘယ်ဝါမှန်းမသိသဖြင့် အားလုံး ကြောင်၍ ငေးနေကြသည်။

“ကျွန်တော်တို့ စောစောက အဆောင်သွားတာ နှစ်ခေါက်ရှိပြီ၊ မမတို့ ပြန်မလာသေးလို့ ဒီမှာ ထွက် စောင့်နေတာ၊ ကမာရွတ်ဘက် သွားတယ်ဆိုလို့”

မမစံက ကောင်လေးနှစ်ယောက်ကို တစ်လှည့်စီ ကြည့်ကာ...

“ဘယ်သူတွေပါလိမ့်”

အောင်တို့စိတ်ထဲ၌လည်း ကောင်လေးနှစ်ယောက် ခပ်တည်တည်နှင့် အကြောင်ရိုက်နေကြတာလားဟု သံသယရှိနေဆဲဖြစ်ကြသည်။

အခန်း(၄၅)

“ကျွန်တော်တို့ ကိုအောင်ရဲ့ ညီတွေပါ”

“ဟင်...ကိုအောင့်ညီတွေ၊ ဘာကိစ္စ”

အောင်သည် ဣန္ဒြေမဆည်နိုင်ဘဲ ကပျာကယာ မေးလိုက်သည်။

အကြီးယောကျ်ားလေးက သူ့ရှပ်အင်္ကျီအိတ်ထဲမှ စာလေးတစ်စောင်ကိုထုတ်ကာ ကမ်းပေးရင်း...

“ကိုအောင်က စာပေးခိုင်းလိုက်တယ်”

“ခု ကိုအောင် ဘယ်မှာလဲ”

“ကိုအောင် ဆေးရုံမှာ”

“ဟင်...ကိုအောင် ဘာဖြစ်လို့လဲ”

“ကိုလတ် ဆေးရုံတက်ရတယ်၊ ကိုအောင်က ပို့ပေး ရတာ”

“ဘုရား၊ ဘုရား”

အောင်သည် အသက်ရှူဖို့မေ့သွားသည်။ လွှတ်ခနဲ နှုတ်မှ ဘုရားတမိသည်။

ချောစုကတော့ မျက်လုံးပြူးလျက်၊ သူ့ရင်ဘတ်ကို လက်နှင့်ဖိလျက်...

“ငါ ရင်တွေတုန်လိုက်တာဟယ်”

ကောင်လေးတွေပြန်သွားတော့   အောင်သည် မစောင့်နိုင်တော့ဘဲ ကိုအောင့်စာကို လမ်းမီးတိုင်တွင် ဖတ်ရန်ကြိုးစားလေသည်။

မမစံက သူ့လက်ထဲမှ လက်နှိပ်ဓာတ်မီးနှင့်စာကို ထိုးကြည့်လိုက်သည်။

အောင်...

ကိုလတ်ကို ဒီနေ့နေ့လယ် ဆေးရုံတင်လိုက်ရတယ်။

နင့်ကို အကြောင်းကြားဖို့ အချိန်မရဘူး။

ဦးလေးအိမ်မှာ စဖြစ်တာပဲ။

တို့နှစ်ယောက် စာရင်းတွေထိုင်လုပ်ကြရင်းနဲ့ သွေး တွေအဆက်မပြတ်အန်လာတာပဲ။

သူ အစောကြီးကတည်းက မျက်နှာဖျော့နေတာကို ငါမေးတော့ ဘာမှမဖြစ်ဘူးတဲ့။

ဆရာဝန်က ဆေးရုံတင်ခိုင်းတယ်။

အစာအိမ်အနာဖြစ်တာတဲ့။

ခုထိ သတိမလည်သေးဘူး။

ဒီညတောင် ခွဲစိတ်ရမယ်ထင်တယ်။

ဒါပေမဲ့ ကိုလတ် သိပ်အားနည်းနေတယ်။

ခု သွေးတွေသွင်းထားတယ်။

မနက်ဖြန်မှ ဆေးရုံလာခဲ့ကြပါ။

အောင်

“ဘုရား၊ ဘုရား”

သည်တစ်ခါ ဘုရားတရသူက ချောစု။

အောင့်မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့နေ၏။

စကားလည်းမပြောနိုင်ဘဲ နှုတ်ဆိတ်နေသည်။

မျက်လုံးများကား တစ်နေရာတည်းသို့ ငေးစိုက်နေ သည်။

ညသည် တိတ်ဆိတ်လွန်းသည်။

ကြယ်ရောင်တို့သည် ဖျော့တော့အားနည်းလွန်းလှ သည်။

ခါတိုင်း အဆက်မပြတ်တိုက်ခတ်တတ်သော လေ သည်ပင် ငြိမ်သက်နေသည်။

မိန်းကလေးလေးဦး၏ အသက်ရှူသံမှလွဲ၍ ဘာမှ မကြားရ...။

ပတ်ဝန်းကျင်မှာ ပိုးမွှားအော်သံတွေမှအပ တိတ် ဆိတ်လွန်းမက တိတ်ဆိတ်နေသည်။

သစ်ခေါင်းတစ်ခုထဲမှ တောက်တဲ့သည် အဆက် မပြတ်အော်လာသည်။

အောင့်နားထဲသို့ ခါတိုင်းထက် ကျယ်ကျယ်လောင် လောင် ဝင်လာလေသည်။

ဆန်းဆန်းမြင့်က သက်ပြင်းမျှဉ်းမျှဉ်းလေးချကာ...

“ဒုက္ခပါပဲဟယ်”

ဟု ညည်းလိုက်လေ၏။

ချောစုက ရုတ်တရက် မျက်ရည်တွေလည်လာကာ...

“ကိုလတ်မို့ပဲ ဖြစ်ရတယ်ဟယ်၊ ငါပဲဖြစ်လိုက်ချင်တယ်၊ တကယ်ပြောတာ၊ လူချင်းလဲလို့ရရင် ငါသွားတောင် လဲပစ်ချင်တယ်”

ပြောရင်း မျက်ရည်တွေကျလာသေးသည်။

အောင်ကတော့ မငို။

အံ့သြဖွယ်ရာအတိပင်။

အားလုံးက အောင့်ကို ဣန္ဒြေပျက်လောက်အောင် စိတ်ထိခိုက်ပြီး ငိုလိုက်ယိုလိုက် ဖြစ်လိမ့်မည်ထင်တာ။

အောင်က တည်တည်ငြိမ်ငြိမ်ပင်။

မျက်ရည်မကျ။

မမစံက အောင့်လက်မောင်းကို အသာလှမ်းကိုင် ကာ...

“ကဲ၊ အဆောင်ဘက်ပြန်လျှောက်ကြစို့၊ ဟိုရောက်မှ ဆက်ပြောကြတာပေါ့”

မမစံအသံသည်ပင် တုန်နေသည်။

လမ်းလျှောက်တော့မှ အောင်က သူ့ဘာသာသူ သတိထားမိလေသည်။

အောင့်ခြေထောက်များကား   ဆွဲတိုင်းမပါတော့ချေ။

ခြေလှမ်းတွေလေးပင်နေကာ    တရွတ်တိုက်နေသည်။

ဒါကိုသတိထားမိသော ဆန်းဆန်းမြင့်က အောင့် ခါးကိုလှမ်းဖက်ရင်း တွဲကာ လျှောက်လာကြလေသည်။

ဆက်လက်ဖော်ပြပါမည်။