ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ အပေါင်းကာကွယ်ရေးဝန်ကြီးများ ရုပ်သံအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ  ၁၀

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ဦးဆောင်၍ နိုင်ငံတကာနှင့် ပြည်တွင်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက ဦးစီးကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ ရုပ်သံအစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမမှတစ်ဆင့် ပါဝင်တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီး General Ngo Xuan Lichက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အပေါင်း နိုင်ငံများဖြစ်သည့် သြစတြေးလျနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ကာကွယ်ရေး ဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ကြသည်။

ထို့ပြင် အာဆီယံအပေါင်းကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးထူထောင်မှု (၁၀)နှစ်ပြည့် အခမ်းအနား (10th Anniversary of the Founding of the ADMM-Plus)၊ အာဆီယံ-ဂျပန် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးနှင့် ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ADMM ဥက္ကဋ္ဌတာဝန်လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားများ ကိုလည်း တစ်ဆက်တည်း ကျင်းပခဲ့သည်။

(၇)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် တက်ရောက်လာကြ သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ၏ အာဆီယံအပေါင်းနိုင်ငံများ မဟာဗျူဟာလုံခြုံရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးကြကြောင်း သိရသည်။

(၅၀၀)