ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေရေးဆိုင်ရာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်လေးခုတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်သူများအား ထောက်ပံ့ခြင်း အခမ်းအနားတို့သို့ ပြည်ထောင်စုဝန်ကြီး ဒ

 

ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေရေးဆိုင်ရာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်လေးခုတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်သူများအား ထောက်ပံ့ခြင်း အခမ်းအနားတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

 

နေပြည်တော်  မေ  ၃

    ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေရေးဆိုင်ရာ လုပ်ငန်းစီမံချက် စတင်အကောင်အထည်ဖော်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌     ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊   တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက Online မှ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း လေပြင်းတိုက်ခတ်မှု ၆၆၁ ကြိမ်အပါအဝင် သဘာဝဘေးအန္တရာယ် စုစုပေါင်း၂၀၁၆ ကြိမ်ကြောင့်  ဘေးသင့်ခဲ့သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာဖိုး၊ ဒဏ်ရာရ/သေဆုံးစသဖြင့် ထောက်ပံ့တန်ဖိုး စုစုပေါင်းငွေကျပ်၄၅၅၀  ဒသမ ၈၃၅ သန်း ရှိခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ခံစားရမှုများ လတ်တလောသက်သာ စေရေးအတွက်   ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသည့်အပြင် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် လျော့ပါးစေရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း။

ယခုကဲ့သို့  အပူချိန်မြင့်မားတတ်သော ကာလများတွင်   အပူဒဏ်လျော့နည်း သက်သာစေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မှစ၍ အပူရှောင်စခန်းများကို စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၀၊ မကွေးတိုင်းဒေသကြီးတွင်၂၄ ခု စုစုပေါင်း ၄၄ ခု ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း လောလောဆယ်လေးခုနှင့် ရှမ်းပြည်နယ်တွင်နှစ်ခုဖွင့်လှစ်မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊  စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  မိမိဌာန၏ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်၍   ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိသက်ရောက်စေရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ သုံးစွဲဆောင်ရွက်ကြရန် ဖြည့်စွက် မှာကြားလိုပါကြောင်း     ပြောကြားသည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်က လေပြင်းဘေးအန္တရာယ်နှင့်  မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ လတ်တလော လိုအပ်နေသည့် သောက်သုံးရေများ ထောက်ပံ့ပေးခြင်းတို့နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မကြီးကန်ကျေးရွာနှင့် မကြီးချောင်းကျေးရွာ၊ ရေနံချောင်းမြို့နယ်  မြို့မမြောက်ရပ်ကွက်တို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်မှုအခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း၊    ရှမ်းပြည်နယ် ဦးစီးမှူးရုံးက ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လင်းခေးခရိုင်ဦးစီးမှူးရုံးက လင်းခေးမြို့နယ် ဝမ်လှိုင် ရပ်ကွက်    မဟာဝိဟာရကျောင်းတွင် အပူရှောင်စခန်း ဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မေလ ၂ ရက်ညနေပိုင်းက ပြည်ထောင်စုနယ်မြေအတွင်း   ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး လူနေအိမ်၂၄ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုလဲကာ လူနေအိမ် ၁၅၆ လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၈၀ မှ လူဦးရေ၇၂၅ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရာ အဆိုပါလေဘေးသင့်သူများအား ထောက်ပံ့ခြင်း အခမ်းအနားကို ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်စုကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ပုပ္ပါးကုန်းရပ်ကွက် ဝိဇ္ဇာသိပ္ပံ ဘုန်းကြီးကျောင်းတို့၌ ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ   ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဆန်ရိက္ခာဖိုး၊   အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ငွေကျပ် ၁၁၈  သိန်းကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၂၄ အိမ်ထောင်စုစာ၊ နေပြည်တော် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထောက်ပံ့ငွေကျပ် ၆၄ သိန်းနှင့် ဆန်သုံးအိတ်၊ စားသုံးဆီ ၁၂၂ ပိဿာတို့ကို ထောက်ပံ့ခဲ့သည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က အားပေး စကားများပြောကြားပြီး လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းကာ  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။