အလုံမြို့နယ်ဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှု ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ တက်ရောက်

 

အလုံမြို့နယ်ဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှု ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ တက်ရောက်

 

နေပြည်တော်  မေ  ၃

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုံမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများက ဒေသခံပြည်သူများကို   ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့်    အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရ ှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စု လူဦးရေစာရင်း ပြောင်းဝင်/ ပြောင်းထွက်အတွက် လျှောက်ထားသူများ၊ နိုင်ငံသားကတ်ပြား မရှိသေးသူများ၊ လဲလှယ်နှင့်ပျောက်ဆုံး၊ ပျက်စီးလျှောက်ထားသူများကို လုပ်ငန်းဆိုင်ရာ အခက်အခဲများ မေးမြန်းဆွေးနွေးပြီး  လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးကာ နိုင်ငံသားကတ်ပြား ရရှိပြီးသူများကို e-ID စနစ်အတွက် Biographic/ Biometric တစ်ပါတည်း ကောက်ယူကာ  Unique ID   နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုကို    ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းများ အခြေအနေနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရ ှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲ ၂ နာရီတွင် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်   ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ဦးစွာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီး ၁၀ နှစ်အကြာ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို    စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ကာလများတွင်   မိမိတို့နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက် အဖွဲ့အစည်းများကြောင့်   အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုနှင့် ပြည်တွင်းပြည်ပသို့ ရွှေ့ပြောင်း သွားလာမှုများကြောင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အကြား မြန်မာနိုင်ငံ၏လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး   လိုအပ်သည့်မူဝါဒ၊ စီမံကိန်းများ ချမှတ်ရန်အတွက် ၂၀၂၄ ခုနှစ်တွင်   သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက်   ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ   ၅၆ သန်းကျော်နှင့်   ခန့်မှန်းအိမ်ထောင်စု အရေအတွက် ၁၃ သန်းခန့်ကို အခြေခံ တွက်ချက်ထားပါကြောင်း။  

စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ  ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေး အခြေအနေမှလွဲ၍ အကြောင်းအမျိုးမျိုးကြောင့်    ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက် ထားကြရန်လည်း လိုအပ်ပါကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်း ကောက်ယူမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် Tablet များ အသုံးပြု၍ CAPI  စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်းကောက်ယူထားသည့်အချက်အလက်များအား အချိန်တိုအတွင်း နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့နိုင်ပြီး လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံးထုတ်ပြန် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေ စာရင်းကို ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။  

နိုင်ငံတော်အတွက်    အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်    တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်   ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးက သန်းခေါင်စာရင်းကောက်ယူခြင်း မှရရှိနိုင်မည့် အချက်အလက်များ၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို   ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Sport  များကို  ပြသသည်။

ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ   ဦးညီညီမင်းက လက်ခံရယူပြီး     ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ပစ္စည်းများ ခင်းကျင်းပြသမှုကို    ကြည့်ရှုအားပေးကာ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း   သိရသည်။