(၅)ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေး Video Conference စနစ်ဖြင့်ကျင်းပ

(၅)ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကိုယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌ Video Conferecnce စနစ်ဖြင့် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ သည်။

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr.Rakesh Asthana ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က Video Conference စနစ်ဖြင့်တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က (၅)ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးညွှန်ကြား ရေးမှူးချုပ်အဆင့် အစည်းအဝေးကို COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် Online စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားနေမှုကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးကုန်ကူးသူများ အနေဖြင့် ထုတ်လုပ်မှုနှင့်သယ်ဆောင်မှုကို ပိုမိုလုပ်ဆောင်လာကြကြောင်း၊ မူးယစ်ဆေးဝါး ဈေးကွက်ကျယ် ပြန့်လာခြင်းနှင့်အတူ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများ၏ ပါဝင်ပတ်သက်မှုများကြောင့် စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ICE မက်အက်ဖက်တမင်းပြဿနာသည် ပိုမိုဆိုးဝါးလာကြောင်း၊ ပရီကာဆာနှင့် ဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်မှသာ စိတ်ကြွဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ထုတ်လုပ်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊  ပရီကာဆာများ  တရားမဝင် ဝင်ရောက်မှုများသည်  စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ဆက်လက်တည်ရှိနေပြီး နယ်စပ်ဝင်ပေါက်များမှ နည်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိနေမှုများကို ပိုမိုပူးပေါင်း ထိန်းချုပ်ပေးစေလိုကြောင်း။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)နှင့် အိန္ဒိယနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NCB)တို့အကြား အနာဂတ်အတွက် ပြည့်စုံကောင်းမွန်သော အကြံပြုချက်များ၊ အတွေ့အကြုံကောင်းများနှင့် ကြုံတွေ့နေရသော အခက်အခဲများ ကို ကျော်လွန်ဖြေရှင်းနိုင်မည့် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟုယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင် ငံကြား အကျိုးစီးပွားများကို ဖော်ဆောင်နိုင်ရန်အတွက် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ နှစ်ဖက်ကိုယ်စားလှယ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း  ပြောကြားသည်။ ထို့နောက် အိန္ဒိယနိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Mr.Rakesh Asthana က နှုတ်ခွန်း ဆက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်မှုအခြေအနေများ၊ (၄)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တရားမဝင် ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်းလမ်းနှင့် ရေကြောင်းလမ်းများတစ်လျှောက် တရားမဝင် မက်အက်ဖက် တမင်းသယ်ဆောင် ရောင်းဝယ်မှုကိစ္စရပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းဆိုင်ရာကိစ္စရပ်များ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သည့် လမ်းကြောင်းများအား ပူးပေါင်းထိန်းချုပ်မည့်ကိစ္စရပ်များ၊ ဘိန်းစိုက်ပျိုးရာ ဒေသများအား ကောင်းကင်ဂြိုဟ်တုမှ စောင့်ကြည့်နိုင်ရန် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်ဖက်နိုင်ငံသားများပါဝင်သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများရှိပါက သတင်းဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် (၆)ကြိမ်မြောက် အစည်းအဝေးကျင်းပနိုင်မည့် နေ့ရက်နေရာအတည်ပြုခြင်းနှင့် (၅)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။   

(သတင်းစဉ်)