ပို့ကုန်နှင့်စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပို့ကုန်နှင့်စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ရန်ကုန်  မေ  ၄

    ပို့ကုန်နှင့်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေး ဌာနခွဲ၊ ဆန်စပါး ဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ Export ပမာဏအများဆုံး တင်ပို့နေသည့် ကုမ္ပဏီများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်  အထွေထွေအတွင်းရေးမှူး  ဦးလူမော်မြင့်မောင်က Exporter  ကုမ္ပဏီများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းတွင်  ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များ၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု  ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် Exporter  ကုမ္ပဏီများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းတွင်  ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးမေးမြန်းကြရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့မှ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြသည်။

ယင်းနောက် အထွေထွေ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် မှုအရ စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်/ ဆန်ကွဲ  ပြည်ပတင်ပို့သည့်   Exporter  ကုမ္ပဏီများအား ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များကို အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ဆန်/ဆန်ကွဲ တစ်တန်တင်ပို့လျှင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် တစ်ဧက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်မှန်းချက်ထားရှိပြီး ဖြစ်နိုင်သည့် အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာ၌ ပို့ကုန်လုပ်ငန်းရှင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်  ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများနှင့် ပူးပေါင်းလျက် ကန်ထရိုက်လယ်ယာလုပ်ငန်းများ အပါအဝင် ဆန်စပါးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများတွင် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက်  ဓာတ်မြေသြဇာများ၊ မျိုးစေ့များ၊ ငွေကြေးများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။