လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ယာယီရွှေ့ပြောင်း နေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် Biometric ကောက်ယူမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှု အားပေး

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ယာယီရွှေ့ပြောင်း နေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုနှင့် Biometric  ကောက်ယူမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှု အားပေး

 

နေပြည်တော်  မေ  ၄

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများနှင့် အတူ  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ ကနောင်ခန်းမ၌  ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်း  နေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် ငါးဦး ကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်း အတည်ပြုဆောင်ရွက်နေမှု၊ ငါးဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ  သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ   အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး  လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အချက်အလက်များ မှန်ကန်စေရေးအတွက် ကာယကံ ရှင်ပြည်သူများအား သေချာစွာမေးမြန်းဖြည့်သွင်းရေး၊ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေး အတွက် ၎င်းတို့၏အချက်အလက်များကို e-ID Serverရှိ အချက်အလက်များနှင့် စနစ်တကျတိုက်ဆိုင် စိစစ်ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားကတ်ပြား    ထုတ်ပေးပြီးသူများအား e-ID  စနစ်ဖြင့် ကိုယ်ရေး အချက်အလက် (Biographic)  နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) တစ်ပါတည်း ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ  Unique ID နံပါတ် ထုတ်ပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်နှီးနှီးနှုတ် ဆက်သည်။

 အဆိုပါဆောင်ရွက်မှုတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်း နေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းအစောင် ၇၀ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁၀ တို့အား စိစစ်ဆောင်ရွက်ထုတ်ပေး၍ နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား  e-ID စနစ်ဖြင့်  င Biometric  ကောက်ယူကာ ဂဏန်း(၁၀) လုံးပါ Unique ID နံပါတ်များ တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။