ကမ္ဘာ့ပထမဆုံးအဖြစ် ကမ္ဘာမြေပြင်ကနေ အာကာသဆီ Bluetooth တိုက်ရိုက်ချိတ်ဆက်နိုင်ပြီ

 

ကမ္ဘာ့ပထမဆုံးအဖြစ် ကမ္ဘာမြေပြင်ကနေ အာကာသဆီ Bluetooth တိုက်ရိုက်ချိတ်ဆက်နိုင်ပြီ

 

    မတ်လ ၄ ရက်တုန်းက အမေရိကန်နိုင်ငံ   ဆီယက်တဲပြည်နယ် အခြေစိုက် ဟက်ဘယ်နက်ဝေါ့ ကုမ္ပဏီပိုင် ဂြိုဟ်တု နှစ်စင်းကို SpaceX ကုမ္ပဏီက အာကာသထဲ  အောင်မြင်စွာ လွှတ်တင်ပေးနိုင်ခဲ့ပါတယ်။

အခုတော့   အဲဒီဂြိုဟ်တုနှစ်စင်းက ဘယ်တုန်းကမှ  မထင်မှတ်ထားဖူးတဲ့ အောင်မြင်မှုတစ်ခုကို ရရှိအောင် စွမ်းဆောင် လိုက်နိုင်ပါပြီ။

အဲဒီစွမ်းဆောင်မှုကတော့ မိုင်ပေါင်း ၃၇၀ ကျော်ကွာဝေးတဲ့ ကမ္ဘာမြေပြင်နဲ့ အာကာသကြားကို Bluetooth  နဲ့ တိုက်ရိုက်ချိတ်ဆက်လိုက်နိုင်တာပါပဲ။

ကမ္ဘာမြေပြင်နဲ့အာကာသကြားကို Bluetooth နဲ့ချိတ်ဆက်မယ်ဆိုတဲ့ ဒီလို စိတ်ကူးမျိုးကိုကြားရတုန်းက တော်တော် များများက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြမှာပါ။

“ကျွန်တော်တို့အနေနဲ့   အခုလိုမျိုး မိုင်ပေါင်း ၃၇၀ ကျော်ကွာဝေးတဲ့ နေရာနှစ်ခုကြားမှာ Bluetooth ချိတ်ဆက်မှုကို အောင်မြင်အောင် လုပ်ဆောင်ပြလိုက်နိုင်ခြင်းအားဖြင့်  ကျွန်တော်တို့ရဲ့စိတ်ကူးကို မဖြစ်နိုင်ဘူးလို့ပြောနေကြတဲ့ လူတွေရဲ့ အတွေးတွေကမှားနေကြောင်း သက်သေပြလိုက်နိုင်ပါပြီ” လို့ ဟက်ဘယ်နက်ဝေါ့ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဟာရိုကပြောပါတယ်။

Bluetooth နည်းပညာဆိုတာ အရင်ကတည်းက ရှိနှင့်ပြီးသား နည်းပညာပါ။ အဲဒီနည်းပညာကိုပဲ ဟက်ဘယ်နက်ဝေါ့ ကုမ္ပဏီက အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အာကာသနဲ့ ချိတ်ဆက်မှုလုပ်ဖို့ အတွက် ဂြိုဟ်တုတွေရယ်၊ ဆော့ဝဲအဆင့် မြှင့်တင်ထားတဲ့ Bluetooth့ ချစ်ပြား တွေရယ်ကို အသုံးပြုခဲ့တာပါ။

ဆော့ဝဲအဆင့်မြှင့်တင်ထားတဲ့ Bluetooth ချစ်ပြားတွေကြောင့် စွမ်းအင်ပမာဏ အနည်းငယ်သာအသုံးပြုပြီး အလွန်ဝေးကွာတဲ့ အကွာအဝေးကို ချိတ်ဆက်နိုင်လာတာဖြစ်ပါတယ်။ အာကာသအတွင်း လှည့်ပတ်နေတဲ့ ဂြိုဟ်တုအပါအဝင်ပေါ့။

မှန်ဘီလူးတစ်လက်လိုမျိုး အလုပ်လုပ်တဲ့ ဂြိုဟ်တုရဲ့ အင်တာနာက မြေပြင်ကနေ ထုတ်လွှတ်လိုက်တဲ့ Bluetooth အချက်ပြမှုကို လက်ခံရယူနိုင်စွမ်းရှိပါတယ်။

“ကျွန်တော်တို့ရဲ့  ရည်မှန်းချက်က တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး ငွေကုန်အကျိုး ရှိဖြစ်စေတဲ့အပြင် စွမ်းအင်သုံးစွဲမှုလည်း အလွန်နည်းပါးတဲ့    ကမ္ဘာ့ပထမဆုံး ကွန်ရက်ကိုတည်ဆောက်ဖို့ပါ။ အခုတော့ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ကြောင့်  သိသာထင်ရှားတဲ့ ရလဒ်တွေကိုအချိန်တိုအတွင်း ရရှိလာခဲ့ပါပြီ” လို့ဟာရိုက ပြောပါတယ်။

အခုဆိုရင် ဟက်ဘယ်နက်ဝေါ့ကုမ္ပဏီက ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အဦမှသည် ကာကွယ်ရေးကဏ္ဍ အထိမှာရှိတဲ့ ကနဦးအသုံးပြုမယ့် သူတွေနဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပါပြီ။

ဒီနှစ်အကုန်ပိုင်းမှာ    ကုမ္ပဏီက နောက်ထပ်ဂြိုဟ်တု တစ်လုံးကိုထပ်ပြီး လွှတ်တင်ဦးမှာပါ။     အဲဒီနောက်လအနည်းငယ်အကြာမှာ စတုတ္ထမြောက် ဂြိုဟ်တုကိုလွှတ်တင်ပြီး စမ်းသပ်သုံးစွဲမှုတွေ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ခုနှစ်အတွင်းမှာတော့ ဂြိုဟ်တု အလုံးပေါင်း ၃၂ လုံးကိုတစ်ပြိုင်နက်တည်း လွှတ်တင်ပြီး သူတို့ရဲ့လုပ်ငန်း စတင်မှု အပြီးသတ်စေဖို့ လုပ်ဆောင်သွားမှာပါ။ 

Ref: IE