ဗီယက်နမ်နိုင်ငံ တစ်ဝန်း၌ အပူချိန်စံချိန်ချိုးမှု အကြိမ်ရေ ၁၀၀ ကျော်ရှိ

 

ဗီယက်နမ်နိုင်ငံ တစ်ဝန်း၌ အပူချိန်စံချိန်ချိုးမှု အကြိမ်ရေ ၁၀၀ ကျော်ရှိ

 

    ဗီယက်နမ်နိုင်ငံတစ်ဝန်း၌ ဧပြီလအတွင်း အပူချိန်စံချိန်ချိုးမှု အကြိမ်ရေ ၁၀၀ ကျော်ရှိကြောင်း  အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်များ အတွင်း အာရှဒေသ တစ်ဝန်း၌ အပူချိန်အလွန်အမင်း မြင့်တက်မှုများကြောင့် အပူလျှပ်ပြီး သေဆုံးမှု များစွာဖြစ်ပေါ်ကာ စာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရသည်။

ယခုကဲ့သို့ဖြစ်ပွားရခြင်းသည် လူသားတို့၏ ပယောဂကြောင့်ဖြစ်သော ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်သည့်အတွက် ပြင်းထန်ပြီး ကာလရှည်ကြာသော အပူလှိုင်းများ မကြာခဏဖြစ်ပေါ်နိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

ဗီယက်နမ်နိုင်ငံတွင်မူ ဧပြီလအတွင်း အပူချိန်မြင့်မားမှု သုံးကြိမ်တိုင်တိုင်ဖြစ်ပေါ်သည်ကို ကြုံတွေ့ခဲ့ရပြီး ယမန်နှစ်ကထက် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာကြောင်း နိုင်ငံအတွင်းရှိ မိုးလေဝသ တိုင်းတာရေးစခန်း ၁၀၂ ခုစလုံးက ထုတ်ပြန်ထားသည်။

အပူချိန်တိုင်းတာရေး စခန်းခုနစ်ခု၏ တိုင်းတာမှုတွင် အပူချိန်သည် ၄၃ ဒီဂရီစင်တီဂရိတ် အထိရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရာသီဥတုအလွန်ပူပြင်းမှု၏ ရလဒ်တစ်ခုအနေဖြင့် နိုင်ငံတောင်ပိုင်း ဒေါင်နိုင်ပြည်နယ်တွင် ရေလှောင်ကန်တစ်ခုအတွင်း ငါးများအကောင်ရေ ရာနှင့်ချီသေဆုံးမှု ဖြစ်ပွားခြင်းဖြစ်သည်။

ယခုမေလအတွင်းတွင်မူ    အပူချိန်သည် ဆက်လက်မြင့်တက် လာဖွယ်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်အလားတူ ကာလကထက် အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကြောင်း  ဗီယက်နမ် မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဧပြီလနှင့်မေလသည် ရာသီဥတု အပူဆုံးအချိန်များ ဖြစ်သော်လည်း ယခုနှစ်တွင် အယ်နီညိုရာသီဥတုကြောင့် အပူချိန်မှာ ပုံမှန်ထက်ပိုမိုမြင့်မားရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အစောပိုင်းမှစ၍ အပူချိန်မြင့်တက်မှုကြောင့်  သေဆုံးသူ အယောက် ၃၀ ရှိပြီး ကမ္ဘောဒီးယား၏ တပ်ရင်းတစ်ခုအတွင်းရှိ ယမ်းတိုက်တစ်ခု ပေါက်ကွဲသည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ရကြောင်း သိရသည်။