NATO တပ်ဖွဲ့အနေဖြင့် စစ်အသုံးစရိတ်တိုးမြှင့်ရန် ထရမ့်စဉ်းစားနေ

 

NATO တပ်ဖွဲ့အနေဖြင့် စစ်အသုံးစရိတ်တိုးမြှင့်ရန် ထရမ့်စဉ်းစားနေ

 

    အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် သမ္မတဖြစ်လာပါက NATO တပ်ဖွဲ့၏ စစ်အသုံးစရိတ်ကို တိုးမြှင့်ရန် စဉ်းစားနေကြောင်း  The  Telegraph သတင်းဌာနက ဖော်ပြထားသည်။

အလားတူ  ပိုလန်သမ္မတကလည်း ထိုကဲ့သို့သော စိတ်ကူးမျိုးရှိကြောင်းနှင့် ထရမ့်နှင့် ပိုလန်သမ္မတတို့က ပြီးခဲ့သည့်လတွင်  နယူးယောက်မြို့၌ တွေ့ဆုံခဲ့သေးကြောင်း ထိုကိစ္စနှင့်ပတ်သက်၍ ရင်းနှီးသူများ၏ ပြောဆိုချက်ကိုကိုးကားကာ သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

တိုးပွားလာသောရန်စွယ်များကို ချေမှုန်းနိုင်ရေးအတွက် NATO တပ်ဖွဲ့အတွင်း စစ်အသုံးစရိတ်ကို ၃ ရာခိုင်နှုန်းအထိ မဖြစ်မနေ တိုးမြှင့်သင့်ကြောင်း ပိုလန်သမ္မတက အကြိမ်ကြိမ် ပြောထားသည်။

NATO တပ်ဖွဲ့အနေဖြင့် စစ်အသုံးစရိတ်ကို  အနည်းဆုံးအနေဖြင့် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် သဘောတူထားပြီး ဖြစ်သည်။

သို့သော် အဖွဲ့ဝင် ၃၂ နိုင်ငံရှိသည့် အဆိုပါတပ်ဖွဲ့အတွင်း စစ်အသုံးစရိတ်ကို သဘောတူထားသော ပမာဏသို့  တိုးမြှင့်သည့်နိုင်ငံ ၁၁ နိုင်ငံသာရှိသည်။

ဘယ်ဂျီယံနှင့် စပိန်နိုင်ငံတို့မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း၊ လူဇင်ဘာ့နိုင်ငံက ၁ ရာခိုင် နှုန်းသာ အသုံးပြုခဲ့သည်။ ပိုလန်၊ အမေရိကန်နှင့် ဂရိနိုင်ငံတို့မှာမူ ၃ ရာခိုင်နှုန်းအထိ အသုံးပြုသည်ကို တွေ့ရသည်။

ထို့အတူ ဒေါ်နယ်ထရမ့်သည် ၎င်းအနေဖြင့် သမ္မတဖြစ်လာပါက လက်ရှိဖြစ်ပွားနေသော စစ်ပွဲများကို မည်ကဲ့သို့ ရပ်တန့်ရမည်နှင့် ပတ်သက်၍ နည်းလမ်းကိုသိရှိကြောင်း၊ သို့သော် ရွေးကောက်ပွဲမပြီးမချင်း ထိုနည်းလမ်းကို ထုတ်ဖော်ပြောသွားမည် မဟုတ်ကြောင်း  ပြောထားသည်ဟု သိရသည်။