A အဆင့်သတ်မှတ်ထားသည့်စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြု

အထက်မင်းလှ၊ လူမှုရေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင်ဆင်ထားရှိပြီး A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်ရှစ်ဆိုင်ကို ဒီဇင်ဘာလ ပထမပတ်က ပြန်လည်ရောင်းချခွင့်ပြုကြောင်း သိရသည်။

ထိုသို့ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်များ၌အပူချိန်တိုင်း ကိရိယာ ထားရှိမှု၊ လက်ဆေးဘေစင်ထားရှိမှု၊ လေဝင်၊ လေထွက်ကောင်းမွန်မှု၊ Social Distancing နှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ တစ်ခါသုံးပစ္စည်းများ ပိုးသတ်ထားရှိမှု၊ အသိပညာပေးဗွီနိုင်း ပိုစတာများကပ်ထားမှု၊ ကောင်တာရှေ့မှန်ကာထားရှိမှု၊ စားပွဲပေါ်တွင် Hand Gel ထားရှိမှု၊ Menu ထားရှိမှု၊ နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ရောင်းချမှု၊ အဖုံးပါသည့် အမှိုက်ပုံးထားရှိမှုစသည့် A အဆင့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို မြို့နယ်စစ်ဆေးရေးအဖွဲ့က ကွင်းဆင်း စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်သည်။

မင်းလှမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသောက်ဆိုင်ပေါင်း ၄၁ ဆိုင်ရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင်ရှစ်ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကာ ဖွင့်လှစ်ခွင့်တင်ပြထားသည့် ဆိုင်ကိုး ဆိုင်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှသိရသည်။

ဇာဇာ(အထက်မင်းလှ)