ကျောက်ဆည်မြို့နယ် ညွှန့်ပင်ကျေးရွာတွင် ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ကျောက်ဆည်မြို့နယ် ညွှန့်ပင်ကျေးရွာတွင် ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ကျောက်ဆည်  မေ  ၅

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ညွှန့်ပင်ကျေးရွာတွင် စိုက်ပျိုးထားသော ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ညွှန့်ပင်ကျေးရွာမှ တောင်သူ ဦးဇော်ဝင်းက ပြောသည်။

ကျောက်ဆည်မြို့နယ်တွင်  ပံတံဆိပ် ခရမ်းချဉ်သီးမျိုးများ အဓိကထား စိုက်ပျိုးကြကြောင်း၊  ခရမ်းချဉ်မျိုးနှစ်ထုပ် စိုက်ပျိုးပါက ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊   အသီးစတင်ခူးဆွတ်ရာတွင်   ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင်  တစ်ခါခူးဆွတ်ပါက ပိဿာချိန် ၁၅၀ အထိ    ခူးဆွတ်ရကြောင်း၊ နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ် ရသဖြင့်  နေ့စဉ်နီးပါးဝင်ငွေရကြောင်း သိရသည်။

 ပံတံဆိပ် ခရမ်းချဉ်မျိုးသည် တိုင်ထောင် စိုက်ပျိုးရပြီး   အခွံထူ၍အထားခံသည့် မျိုးဖြစ်ကြောင်းနှင့် စိုက်ပျိုးမည်ဆိုပါက  ဦးစွာ သဘာဝမြေသြဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်း ဓာတ်မြေသြဇာများနှင့် မြေပြုပြင် ထားရကြောင်း၊ ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် မြေပေါင်များပြုလုပ်၍ ရေအလေအလွင့် နည်းပါးစေရန်နှင့် ပေါင်းမြက်များ ပေါက်ရောက်မှု သက်သာစေရန်အတွက် ပလတ်စတစ်အပါးစများ ခင်း၍  စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်း    သိရသည်။